ဂါဇာ ဇာတ်လမ်းလေးတစ်ပုဒ်

Monday, January 29, 2007

လူသူအသွားအလာနည်းတဲ့ ဒီမြေဝါရောင်လမ်းကြမ်းကြမ်းတွေရှိတဲ့နေရာ၊ ပြီးတော့
အခိုင်အခံ့ ဒါးချွန်လေးတွေတပ်ထားတဲ့ သံမဏိဝါယာခွေ စည်းရိုးလည်းရှိတယ်။
အဲဒီစည်းရိုးနားကိုရောက်တော့ သူမရဲ့မျက်ဝန်းတွေတောက်ပလာတာကိုတွေ့ရတယ်။
အစ္စရေးလူမျိုးအသက်ငါးဆယ်ကျော်အရွယ်သူမဟာ ဒီကြမ်းတမ်းပြီး အန္တရယ်ရှိတဲ့
နေရာကိုမှ လာချင်စိတ် ပြင်းပြလွန်းတဲ့အကြောင်းအရင်းကတော့.....
****************************
အဲဒီတစ်ရက်မှာ သူမကြားလိုက်ရတဲ့သတင်းက သူမရဲ့နှလုံးသားကိုနှုတ်ယူလိုက်သလို
ပါဘဲ။ Yuni-ယူနီသေဆုံးသွားပြီတဲ့။ ယူနီဟာသူမသိပ်ချစ်မြတ်နိုးရတဲ့ သား။
အညွန့်တစ်လူလူနဲ့ အင်္ဂလန်မှာ ဆေးပညာသင်ယူနေတယ်။ ယူနီဘွဲ့ရပြီးရင် သူမတို့
ရဲ့မိသားစု ဂုဏ်ယူနိုင်ရုံတင်မက အစ္စရေးနိုင်ငံအတွက်တန်ဘိုးရှိတဲ့လူငယ်တစ်ယောက်
ပေါ်ထွန်းလာမှာလို့သူမယုံကြည်ထားတယ်။ အခုတော့ သူမရဲ့မျှော်လင့်ချက်တွေပျက်သုဉ်း
သွားခဲ့ပြီလေ။ မျက်ဝန်းထဲမှာမြင်ယောင်နေတယ်...သူ့အကိုတစ်ယောက်ရဲ့မင်္ဂလာပွဲမှာ
ယူနီ ပျော်ရွင်စွာကခုန်နေတာ...တကယ့်အပြစ်ကင်းစင်တဲ့ သားလိမ္မာကလေးပါ။
သူမရဲ့တူတော်သူ ယူနီ့ဝမ်းကွဲအကိုတစ်ယောက်လာပြောတာ...“ကျွန်တော်နဲ့သူနဲ့
တစ်နေရာကပြန်လာခဲ့ကြတယ်။ အဲဒီလမ်းဆုံရောက်တော့ ကျွန်တော့ကို လက်ပြ
နှုတ်ဆက်ပြီး ဆိုက်လာတဲ့ ဘက်စ်ကားပေါ်တက်သွားတယ်။ ကျွန်တော်လှည့်ထွက်မလို့
လုပ်နေချိန်မှာဘဲ...ပေါက်ကွဲသံကြားလိုက်ပြီး လူတွေပြေးလွှားအော်ဟစ်နေတာတွေ့
ရတယ်။ ယူနီစီးသွားတဲ့ ဘက်စ်ကားဆိုတာသိလိုက်ရတယ်”။ အသေခံ ပါလက်စတိုင်း
ဗုံးခွဲတိုက်ခိုက်သူတွေရဲ့လက်ချက်လို့ ပြောကြတယ်။ ဒီလိုအသေခံဗုံးခွဲမှုမျိုးဟာ
ဂျေရုစလင်မြို့မှာ ဘယ်တော့မှာမှ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာလဲ။
အဲဒီနေ့က သူမဟာအရူးမီးဝိုင်း လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တယ်...ပါးစပ်ကလဲ
သူမရဲ့သားလေး တွေ့မိကြလားဆိုပြီး တွေ့သမျှလူတွေလိုက်မေးနေမိတာပါဘဲ။
ဘယ်နှစ်ယောက်ဆိုတာတော့မသိပါဘူးဘက်စ်ကားပေါ်ကလူတော်တော်များများ
ဗုံးဒဏ်ကြောင့်သေဆုံးကြရတယ်။ နောက်တော့သတင်းရတာက ယူနီ ဆေးရုံမှာဆို
တာပါဘဲ။ သမားတော်တွေအစီရင်ခံချက်အရ ယူနီမသေဘူးဆိုပေမယ့် မျှော်လင့်ချက်
မရှိတော့ဘူးတဲ့။ ယူနီဟာ ဘယ်တော့မှပြန်လည်မနိုးထနိုင်တော့မယ့် ဦးနှောက်သေဆုံး
သွားပါပြီ။ တကိုယ်လုံးမှာလည်း ဒဏ်ရာဗရပွနဲ့။ ဆေးရုံကမေတ္တာရပ်ခံတယ်။
ပြန်လည်ရှင်သန်မလာနိုင်တော့မယ့် ယူနီရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလှူဒါန်းပါတဲ့။
***********************
သူ ဒီနေရာကိုလာရင် စိုးရိမ်နေမိတယ်။ လမ်ခရီးက မအေးချမ်းဘူး။ လမ်းမှာ
အထပ်ထပ်စစ်ဆေးမှုတွေအပြင် အခန့်မသင့်ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါက်ကွဲ
မှုတွေပါ ကြုံတွေနိုင်တယ်။ သူတို့ပါလက်စတိုင်းနိုင်ငံဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး
ရဘို့အတွက် ဘယ်လောက်ကြာညောင်းနေဦးမှာလဲ။ ဒါပေမယ့် Yesmin ယက်စ်မင်
ဆိုတဲ့အသက် ၇နှစ်လောက်အရွယ် သူ့ရဲ့သမီးငယ်လေးရဲ့ကျန်းမာရေးအတွက်
သူတို့မိသားစု ကြမ်းတမ်းတဲ့အခက်အခဲတွေကို ရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ထားတယ်။
ဂါဇာစည်းရိုးကိုကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို အကြိမ်အတော်များများ ယက်စ်မင်
ဆေးကုသခံဘို့လာရောက်ခဲ့ရတယ်။ ဒါပေမယ့် အချိန်တစ်ချိန်ရောက်လို့မှ
ယက်စ်မင်ရဲ့ကျောက်ကပ်ကိုအစားထိုးကုသခွင့်မရရင် သမီးလေးကိုလက်လွတ်ဆုံး
ရှုံးရလိမ့်မယ်ဆိုတာလဲကြိုသိနေခဲ့တယ်။ ယက်စ်မင့်မိခင်အပါအဝင် သူတို့တစ်မိသားစုလုံး
နေ့စဉ်နှင့်အမျှစိတ်ကြေကွဲနေကြရတယ်။ အခုတော့ ယက်စ်မင်လေးအတွက်ကြီးမား
တဲ့မျှော်လင့်ချက်ရောင်ခြည်ထွက်ပေါ်ခဲ့ရပြီလေ။ ယက်စ်မင်နဲ့သဟဇာတကျမယ့်
ယက်စ်မင်ကျောက်ကပ်နဲ့ကိုက်ညီတဲ့ အစားထိုးနိုင်မယ့်ကျောက်ကပ်အလှူရှင်ပေါ်ပြီတဲ့။
***********************
မြေစိုင်မြေခဲဝါဝါတွေနဲ့ ပါလက်စတိုင်းတွေနေရာကိုသူမရောက်လာခဲ့ပြီ။ ယ္ခုဆိုရင်
သူငယ်မလေး ဘယ်အရွယ်ရောက်နေပြီလဲ။ အိမ်ရှေ့ရောက်တော့ ကြိုတင်
အကြောင်းကြားထားတဲ့အတွက် အိမ်သားတွေထွက်ကြိုနေကြတယ်။
ဂျူးဘာသာဝင် အစ္စရေးနိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမျိုး ဂါဇာကိုဖြတ်ကျော်
ပြီး အစ္စလာမ်ဘာသာဝင် ပါလက်စတိုင်းမိသားစုထံလာလည်မိတာကသူမအတွက်
အတော်ထူးဆန်းတဲ့အိပ်မက်တစ်ခုပါဘဲ။ ဧည့်ခန်းမှာလူတွေဝိုင်းဝန်းထိုင်ပြီး
စကားစမြည်စပြောကြတယ်။ သူမရဲ့မျက်ဝန်းက တစ်စုံတစ်ယောက်ကိုရှာဖွေနေတယ်
ဆိုတာသိတော့ အိမ်ရှင်မကအတွင်းကိုအသံပြုလိုက်တယ်...“ယက်စ်မင်သမီးလေးရေ
ဒီကိုလာပါဦးကွယ်”။ အခန်းတံခါးလိုက်ကာခန်းစည်းကို ဖယ်ပြီး ယက်စ်မင်ထွက်လာ
တယ်။ သူမမျက်ရည်တွေ တစ်ပေါက်ပေါက်ကြလာခဲ့တယ်။ ယက်စ်မင်ကိုပွေ့ဖက်နမ်းရှုံ့
လိုက်မိတယ်။ ယက်စ်မင်ဟာ အခုဆိုရင် ၁၃-၁၄နှစ်လောက်ရှိနေပြီ။ ယက်စ်မင်ရဲ့
ခန္ဓာကိုယ် ထဲမှာ သူမရဲ့သား ယူနီရဲ့ ခန္ဓာတစ်စိတ်တစ်ဒေသရှိနေတယ်ဆိုတာ
သိနေတယ်။ ယက်စ်မင်တို့မိသားစုတွေနဲ့မပြန်ခင်စကားဖောင်ဖွဲ့ခဲ့ကြတယ်။
ယက်စ်မင့်ဖခင်က.....
“ကျွန်တော် သမီးလေးကို သူမရဲ့ဘဝအကြောင်း၊ ယူနီရဲ့ကျောက်ကပ်ဟာ
သမီးဘဝ ကိုကယ်တင်ခဲ့တဲ့အကြောင်း အမြဲပြောပြဖြစ်တယ်။ သူတို့နှစ်ယောက်
ဟာ တစ်ယောက်တည်းပါဘဲ။”
နောက်တော့ ယူနီ နဲ့ ယက်စ်မင် တို့ပါတဲ့ ဘောင်သွင်းထားတဲ့ ဓါတ်ပုံတစ်ပုံကို
ယက်စ်မင့်ဖခင်က လက်ဆောင်ပေးရင်း သူမကိုစကားတစ်ခွန်းပြောလိုက်တယ်။
(မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ယက်စ်မင့်ဖခင်ပြောတာက...)
”ခင်ဗျားတို့ကို ထာဝရသတိရနေမှပါ။ တကယ်တော့ ဂျူးတွေအစ္စရေးတွေဆိုတာ
ပါလက်စတိုင်းတွေနဲ့ဘာမှမကွဲပြားပါဘူး၊ အတူတူပါဘဲဗျာ။”

'DD'
**************************
စာကြွင်း။ ။ တိုက်ခိုက်နေကြဆဲဖြစ်တဲ့ အစ္စရေးနဲ့ပါလက်စတိုင်းဒေသက
မေတ္တာအခြေခံ တကယ့်အဖြစ်အပျက်ဇာတ်လမ်းလေးပါ။
လွန်ခဲ့တဲ့ သီတင်းပါတ်သုံးပါတ်လောက်တုံးက အားလပ်ချိန် တီဗွီမှာ
ကြည့်မိတဲ့ Documentary တစ်ခုရဲ့ မူရင်းပြကွက်တွေကို ကိုပြန်လည်ခံစားပြီး
ရေးထားတာပါ။ အနည်းငယ်ကြာသွားတော့ အချို့အသေးစိတ်အချက်လေးတွေ
မမှတ်မိတော့ပေမယ့် ဆိုလိုတဲ့ဇာတ်လမ်းအဓိပ္ပါယ်မပျောက်အောင်ကြိုးစား
တင်ပြထားပါတယ်။

အရူးတွေလွတ်နေသည်...

Friday, January 26, 2007

တစ်ခါတစ်ရံ အခြေအနေတစ်ခုဟာ အကျဉ်းအကြပ်ထဲရောက်နေရင်..
သို့မဟုတ်...အကြောင်းကိစ္စတစ်ခုကို ဖြေရှင်းနိုင်မှုမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို
ထင်မိရင် ရူးချင်တယ်လို့ ငြီးမိတတ်ကြတယ်...ခင်ဗျားတို့လည်းကြုံဘူးကြမယ်လို့
ထင်တယ်။ လူတိုင်း ယေဘူယျအားဖြင့် နားလည်လက်ခံထားတာက အရူးဆိုတာက
သူ့ရဲ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်စွမ်းချို့ယွင်းနေတတ်သလို ပြဿနာဖြစ်မိလုပ်မိကြပြီး...
ပြဿနာကိုမဖြေရှင်းနိုင်ရင်တောင် အော်...သူက အရူးဘဲဆိုပြီး လျှစ်လျှူရှုလိုက်ကြ
မသိကျိုးကျွံပြုပြီး ခွင့်လွှတ်လိုက် တတ်ကြတယ်မှုတ်လား။ ဒါတင်မက ရူးသူပြုခဲ့တဲ့
အမှုကိစ္စတွေကိုတောင်မှ လိုက်ဖြေရှင်းပေးရတာမျိုးရှိတတ်ပါတယ်။ အဲဒီတော့...
သူများက ကိုယ့်ကိုရူးတယ်လို့လက်ခံထားရင် ပြဿနာတစ်ရပ်ကိုမရှင်းနိုင်ရင်တောင်
ကိုယ့်ကို ရူးနေတယ်ဆိုပြီး ခွင့်လွတ်စေချင်လို့ ဒီလို ရူးချင်မိတာလို့အလွယ်ပြောရမလား..
သို့မဟုတ်...ရူးသွားရင် ဘာကိုမှ မသိတော့ဘူးထင်လို့၊ ပြဿနာနဲ့ ဝေးသွားမယ်ထင်လို့
ဒါတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဘဲ...ဆိုကြရမလား...။



အင်း...စကားပျိုးတာ အနည်းငယ်ရှည်လျားသွားတယ်...
ပြောချင်တဲ့ ဇာတ်လမ်းက ဒီလို...
မောင်ဒီး ငယ်စဉ် တစ်ရံရောအခါက မောင်ဒီးနေတဲ့ရပ်ကွက်မှာ ဖြစ်ခဲ့တာပေါ့။
အဲဒီရပ်ကွက်မှာ လူတွေ နေ့စဉ် ဥဒဟိုသွားကြတဲ့ လမ်းမကျယ်တစ်ခုရှိတယ်...
လက်ဘက်ရည်ဆိုင်၊ဆံပင်ညှပ်ဆိုင်၊အပ်ချုပ်ဆိုင်၊ပင်မင်း စတာတွေရှိတဲ့အပြင်
ဈေးသွား၊ ကျောင်းသွား၊ အလုပ်သွား၊ ဘယ်သွားသွား ဒီလမ်းကသွားကြရတော့
အမြဲတမ်း စည်ကားနေတဲ့လမ်းပေါ့။ လမ်းဘေးဝဲယာမှာလဲ လူသွားလမ်းနဲ့ကပ်လျက်
အိမ်ခြံစည်းမှာစိုက်ထားကြတဲ့ သစ်ပင်ပန်းပင်တွေနဲ့လှပနေတတ်တယ်။ အဲဒီအချိန်
ကာလက တရုတ်နယ်စပ်ကဝင်လာတဲ့စက်ဘီးတွေဈေးတော်လွန်းလို့ အိမ်တိုင်းလိုလို
တရုတ်စက်ဘီးလေးတွေနဲ့ပေါ့။ ညနေခင်းဆိုရင် လူငယ်တွေ စက်ဘီးကိုယ်စီနဲ့
လက်ဘက်ရည်ဆိုင်သွားကြ သူငယ်ချင်းတွေနဲ့ လမ်းသလားကြနဲ့ လမ်းမပေါ်မှာ
စည်ကားလိုက်တာ။
တစ်ညနေပေါ့...အဲဒီလိုလှပနေတဲ့အချိန် မောင်ဒီး သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်
ဆိုင်မှာ ကိုထီး သီချင်းနဲ့ငြိမ့်နေတုံး လမ်းမပေါ်မှာလူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တာ
တွေ့လိုက်ရတယ်။ သွားလာနေတဲ့ လူတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ အကုန်ရပ်
သွားတယ်။ အရူးတစ်ယောက်၊ ဗလက အလွန်ကောင်း မုတ်ဆိတ်ကျင်စွယ်ခပ်ရေးရေး၊
အင်္ကျီမပါ ဆံပင်ဖွာလံကျဲပြီး ဆဲဆိုအော်ဟစ်နေတယ်။ လမ်းမပေါ်ရှေ့နောက် ခေါက်တုံ့
ခေါက်ပြန် ပြေးနေတော့ သူရောက်သွားတဲ့နေရာတိုင်း လူတွေက သူနားက
ခပ်ရှဲရှဲနေပေးရတယ်။ ခဏနေတော့ တိုလီမုတ်စ ရောင်းတဲ့ကုလားဆိုင်ထဲလှမ်းကြည့်
နေပြီး ရုတ်တရက်အဲဒီဆိုင်ထဲဝင်ပြေးသွားတယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ
(ငါးပေါင်လား ဆယ်ပေါင်လားမသိဘူး...ဆိုကြပါစို့) အရိုးရှည်တပ်ထားတဲ့
ဆယ်ပေါင်တူကြီးကိုင်ပြီးထွက်လာတယ်။ လမ်းပေါ်က စောစောကရပ်ကြည့်နေတဲ့
လူတွေ ပြေးလိုက်ကြတာ ဘာပြောကောင်းမလဲ။ အရူးကတော့ ခေါင်းပေါ်မှာ တူကြီး
ဝေ့ပြီး ဆဲဆိုနေတယ်။ ဘယ်သူမှ အနားမသီရဲဘူး။ အရူးက တကယ်ကိုထုမယ့်ပုံဘဲ။
အောင်မလေးခဏအတွင်း ခါးဝတ်တောင်မပါတော့ဘူး၊ မိမွေးတိုင်းဖမွေးတိုင်းဘဲ။
ပါတ်ဝန်းကျင် အခင်းအကျင်းနဲ့ လားလားမျှ မသင့်တော်မအပ်စပ်တဲ့ပုံရောက်သွားတယ်။
(အမျိုးသမီး ကြီးကြီးငယ်ငယ် အိုအိုပျိုပျို တွေလည်းအနီးမှာရှိနေကြတယ်မှုတ်လား။)
ပြောပြောဆိုဆိုနဲ့ မောင်ဒီးတို့ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာပါကရောလား။
မောင်ဒီးတို့သူငယ်ချင်တစ်သိုက်လည်း ဘာပြောကောင်းမလဲ ဗန္ဓုလအမျိုးတွေပီသစွာနဲ့
အရူးနဲ့လွတ်တဲ့ ဆိုင်ထောင့်တစ်နေရာကို ထပြေးလိုက်ကြတာ...အခြားဝိုင်းမှာထိုင်နေ
သူတွေလည်း ထိုနည်း၎င်းပေါ့။ အရူးက စတင်ကြမ်းတော့မဲ့ အရိပ်ယောင်ဘဲ။
တူကိုယမ်းနေတာ ဆိုင်က စားပွဲအချို့ဖယိုဖယဲဖြစ်သွားတယ်။ အပြင်မှာလည်း လူတွေ
ဝိုင်းအုံကြည့်နေတယ်။ ဒီအချိန်မှာ ရဲတို့ အရံမီးသတ်တို့ ဘယ်ရောက်နေလည်းမသိဘူး။
အခုမှ ဖုန်းဆက်ခေါ် လူလွှတ်ခေါ်ရင်တောင် အရူးတစ်ခုခုလုပ်တော့မှာဆိုတော့
အချိန်မီရောက်လာဘို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ မောင်ဒီးတို့ တစ်ယောက်နဲ့
တစ်ယောက်မသိမသာကြည့်မိကြတယ်။ ဒီအရူးကိုသွားဖမ်းဘို့ သတ်ပုတ်လုံးထွေးဘို့
ထိအောင် ရဲဝံ့စွာစွန့်စားဘို့ကော ခွန်အားဗလအရကော တို့မှာမရှိကြပါလို့ ပြိုင်တူ
အကြည့်တွေနဲ့ သဘောတူချက်ရယူပြီး လူစွမ်းကောင်းတစ်ယောက်များ ပေါ်လာ
လေမလား (ခုခေတ် Batman တို့ Supermanတို့လို) ဆိုတဲ့မျှော်လင့်ချက်နဲ့
ဘေးဘီကိုကြည့်မိတော့ ဆိုင်ထဲမှာကောဆိုင်ပြင်မှာပါ(ဗလကောင်းတဲ့ဒီအရူးကို
ဖမ်းဘို့ထက်) လွတ်ရာကိုရှောင်ရှားဘို့ကြိုးစားနေကြတာမြင်ရတယ်။
(စပ်စုတဲ့လူ့သဘောအရ ဒီအရူးဘာလုပ်မယ်ဘယ်တွေဆက်ဖြစ်မယ်ဆိုတာကလည်း
သိချင်နေသေးတော့ မျက်ကွယ်ရာကိုလည်းမသွားနိုင်ကြသေးဘူး။)
အဲဒီအချိန်မှာဘဲ အရူးရဲ့နောက်ဘက် မလှမ်းမကမ်းနေရာက လူတစ်ယောက်က
လှစ်ကနဲ တူကိုင်ထားတဲ့လက်ကို ဝင်ချုပ်ကိုင်လိုက်တယ် နောက်တစ်ယောက်က
မရှေးမနှောင်းနောက်လက်တစ်ဘက်ကိုဝင်ချုပ်ပြန်တယ်။ ဆက်တိုက်ဆိုသလို
လူတွေဝင်ရောက်ချုပ်လိုက်တာ ချုပ်တဲ့သူတွေများလွန်းလို့အရူးတောင် မမြင်ရတော့ဘူး။
(မောင်ဒီးတောင် ချုပ်မလို့သွားတာ လူပြည့်သွားလို့.....အဟီး...)
စတင် အရူးကို ဝင်ချုပ်တဲ့သူဟာ ပါးနပ်ပြီး သတ္တိရှိတယ်လို့ပြောရမယ့်အပြင်
သေချာတာကတော့ တက်ညီလက်ညီ မိမိရရချုပ်ကိုင်မိဘို့လဲလိုအပ်တယ်ဆိုတာ
မတိုင်ပင်မိဘဲ အားလုံးသဘောပေါက်သွားကြတာဘဲ။
နောက်တော့အရူးကိုအဝတ်အစားတွေ ပြန်ဝတ်ပေးပြီး တော့ သက်ဆိုင်ရာအာဏာပိုင်
တွေရောက်လာတာနဲ့ သူတို့လက်ထဲအပ်လိုက်တယ်။ မောင်ဒီးတို့သူငယ်ချင်းတစ်စု
အဲဒီတော့မှ သက်ပြင်းချရယ်မောနိုင်ကြတော့တယ်။

ဒီအဖြစ်အပျက်နဲ့ပါတ်သတ်လို့...မောင်ဒီးပြောချင်တာက
နေ့စဉ်နဲ့အမျှ ပါတ်ဝန်းကျင်အနီးအနားမှာ အရူးတွေတွေ့နေကြရတယ် မှုတ်လား။
ပြဿနာတွေမဖြေရှင်းချင်လို့ရူးချင်ယောင်ဆောင်နေတဲ့ အရူးအတုတွေ၊
ငါသာလျှင်အားလုံးထက်တော်တတ်သူလို့ “ငါ”ဆိုတဲ့အတ္တရူးတွေ၊ ဘယ်သူမှ
အနားကပ်ခွင့်မရလောက်အောင် (အထက်က မောင်ဒီးပြောခဲ့သလို တူကြီး
ကိုင်ထားတဲ့ ဝစ်လစ်စလစ်နဲ့) ထိန်းမနိုင်သိမ်းမရ အရူးတွေ အပြင် အခြားသော
ပုံသဏ္ဍာန်မျိုးစုံနဲ့ အရူးတွေပြည့်နေတယ်။ အရေးကြီးတာက ဒီအရူးတွေကို
ဘယ်လို အသိတရားပုံမှန် ပြန်လည်ရရှိလာအောင် ဘယ်လိုကုသပေးကြမယ်
ဆိုတာကတော့ မောင်ဒီးရဲ့ဦးနှောက်သေးသေးလေးနဲ့ အဖြေရှာဘို့ခက်နေပါတယ်။
ကဲ “အရူးတွေလွတ်နေတယ်” ဘယ်သူတွေစဖမ်းကြမလဲ ဘယ်လိုလုပ်ကြမလဲ....


'DD'

အခွန်? တာဝန်? အကြပ်ကိုင်ခြင်း?

Tuesday, January 23, 2007


နေနေနိုင်ရဲ့ဒီပို့စ်ကိုဖတ်မိတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်
နေကြတဲ့ ရွှေနိုင်ငံကမြန်မာနိုင်ငံသားတွေတိုင်းရင်းသားတွေဟာ အခက်အခဲတွေ
မျိုးစုံကြုံတွေ့နေကြရတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ အခွန်ဆိုလို့
မောင်ဒီးအရင်ရေးဘူးတဲ့ ရန်ကုန်စာတိုက်ကြီးမှာ ချောစာထုပ်သွားထုတ်တုံးက
ပေးခဲ့ရတယ် အခွန်ဆိုတာကိုလည်းပြန်သတိရနေမိတယ်။ မြန်မာနိုင်ငံ
ကပြည်သူ့ဝန်ထမ်းအတော်များများဟာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း
ကိုလိုက်နာပြီးပြည်သူ့ကိစ္စကိုဆောင်ရွက်ပေးမယ်ဆိုတာထက် လုပ်ငန်းခွင်စတင်
ဝင်ရောက်ကတည်းက “လုပ်ပိုင်ခွင့်” ဆိုတာကိုစွဲကိုင်ပြီး ကိုယ့်ရဲ့ပုဂ္ဂလိကကိုယ်ကျိုး
ကိုသာအဓိကထားနေကြတယ်။ လုပ်ပိုင်ခွင့်နဲ့ လာဒ်ငွေ၊အခြားရစရာများများရနိုင်တဲ့
နေရာလုပ်ငန်းဌာနကိုခေတ်စကားနဲ့ “ခွင်” (ဂွင်လို့အသံထွက်တယ်)လို့ခေါ်ကြတယ်။
လူတစ်ယောက်ဟာ အရွယ်ရောက်လာလို့ အစိုးရဝန်ထမ်း(သို့)ပြည်သူ့ဝန်ထမ်းအလုပ်
ကိုလုပ်ဘို့ရွေးချယ်ရတော့မယ်ဆိုရင် ခွင် ဘယ်လောက်ကောင်းသလဲဆိုတာကိုအရင်
ကြည့်ကြတော့တယ်။ ပြီးရင်တော့ “အာဏာ” ဆိုတာကြီးပါလာရင် ပိုပြီးတော့တောင်ဆိုး
သပေါ့ဗျာ။ မောင်ဒီး ဘွဲ့လွန်သင်တန်းလေးဘာလေးတက်ခဲ့တုံးကသင်တန်းဖော်တွေနဲ့
အဖွဲ့လိုက်စာတမ်းတင်မယ်ဆိုတော့ မြန်မာနိုင်ငံအခွန်နဲ့ပါတ်သတ်တာကိုလုပ်ကြမယ်
လို့တိုင်ပင်ကြတယ်။ သတင်းအချက် အလက်ရှာကြမယ်ဆိုတော့ တိကျတဲ့လုပ်ပုံလုပ်နည်း
ထုံးစံတွေမရှာနိုင်ခဲ့ဘူး။ ယုတ်စွအဆုံး နိုင်ငံသားတွေသိထားသင့်တဲ့ အခွန်ဆိုတာနဲ့
ပါတ်သတ်တဲ့လက်စွဲ စာအုပ်တို့ စာစောင်တို့ဆိုတာတောင် မေးမြန်းရှာဖွေဘို့ အတော့ကို
မလွယ်ကူခဲ့ဘူး။(ရရှိနိုင်တဲ့အတွင်းကျကျနေရာတွေထိတော့ မောင်ဒီးတို့လက်လှမ်း
မမှီခဲ့ပါဘူး)။ အဲဒါနဲ့ အတိုပြောရရင် အခွန်အကြောင်းမလုပ်တော့ဘူးဆိုပါတော့ဗျာ။
မသိတဲ့အခါကျတော့ ဘာကြောင့် ဘယ်လိုဘဲတောင်းတောင်း ပေးနေကြရတော့ပေါ့။
မပေးရင်ဘာဖြစ်မလဲ...ဘာမှတော့မဖြစ်ပါဘူး....အဲ..တစ်ခုခုလုပ်ချင်လို့ အခွန်ပြေစာ
ပြကြရမယ်ဆိုလာရင်တော့ ပေးကိုပေးကြရတော့မှာပေါ့။ အဲဒါတစ်နည်းအားဖြင့်
အကြပ်ကိုင်တယ်လို့ခေါ်တယ်။ အင်း ကိုယ်ဘာလုပ်ရမယ်၊ ကိုယ့်ရဲ့နိုင်ငံသား
တစ်ယောက်ရဲ့ရပိုင်ခွင့် အခွင့်အရေး၊ တာဝန်ဝတ္တရား စတာတွေ တိတိကျကျ
မရှိသေးသ၍ မသိသေး၊မဖော်ထုတ်နိုင်သေးသ၍ ကျွန်တော်တို့ အကြပ်ကိုင်တဲ့
စံနစ်အောက်မှာ နေကြရဦးမှာသေချာပါတယ်။
အဲဒါ...ဘယ်လောက်တောင်ကြာကြာနေရဦးမှာလဲ....

'DD''

ကမ္ဘာမြေငြိမ်းချမ်းပါစေ

Friday, January 19, 2007


လွန်ခဲ့တဲ့သီတင်းပါတ်က ကိုရွှေပေါက်ဖော်ကြီး (တရုတ်နိုင်ငံ)က မြေပြင်အထက်
မိုင်၅၀၀လောက်မှာလွှတ်တင်ထားတဲ့ နိုင်ငံပိုင်မိုးလေဝသဂြိုလ်တုတစ်လုံးကို
တာလတ်ပစ်ဒုံးကျည် နဲ့စမ်းသပ်ပစ်ခွဲခဲ့ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေး
ကောင်စီက နယူးရော့ခ်မှာရှိနေတဲ့ လက်ရှိ တရုတ်ကုလသံတမန်ကို တယ်လီဖုန်းကမေးမြန်း
ကြည့်တော့ “ဟင်...ဟုတ်လား ..သေချာလို့လား...မသိလိုက်ရပါလား”..ဘူးခံသွားသတဲ့။
တရုတ်နိုင်ငံခြားရေးဌာနကို ဖက်စ်ထိုး ဖုန်းဆက်နဲ့လှမ်းမေးတော့ ဘာအကြောင်း
ပြန်ချက်မှမရခဲ့ဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသူတွေထဲမှာ နိဟွန်ကြီး(ဂျပန်)နဲ့
သားပိုက်ကောင်(အော်စီ)တွေလည်းထိပ် ဆုံးကပါကြတာပေါ့။
(ဂျပန်ခမျာမှာတော့ မြောက်ကိုရီးယားက စမ်းရင်ကြောက်ရ တရုတ်ကဆော့ရင်ကြောက်ရနဲ့
မသာကာ ဂျပန်ဂြိုလ်တုတစ်လုံးကို ပစ်ပြီးမှ ဆောရီး မှားသွားလို့ပါ ပြောရင်
ဘယ်လိုလုပ်မလဲ...)။ အန်ကယ်ဆမ်ကတော့ ဒါဟာနိုင်ငံတကာက
မောင်းသူမဲ့ဘဲဖြစ်ဖြစ် လူပါတဲ့အာကာသယာဉ်တွေအတွက်ဖြစ်ဖြစ် အန္တရယ်ရှိတယ်တဲ့။
ပြီးတော့ US ကာကွယ်ရေးသုံး (ဆက်သွယ်ရေးနဲ့ထောက်လှမ်းစောင့်ကြပ်တဲ့)
ပတ်လမ်းနိမ့်ဂြိုလ်တုတွေရဲ့အားပျော့ချက်ကိုထုတ်ဖော်ပြသလိုက်သလိုလို့ဆိုကြပါတယ်။
(အဲဒီဂြိုလ်တုတွေကိုလွယ်လွယ်နဲ့မြေပြင်ကနေတိုက်ခိုက်လို့ရတယ်လို့ ပြသရာရောက်
တယ်လို့ ဆိုလိုတာထင်ပါတယ်။) သတင်း တစ်စကိုမျှဝေရင်းနဲ့မောင်ဒီးဆန္ဒပြောရရင်
နိုင်ငံအချင်းချင်း စစ်မက်ဆိုင်ရာအင်အားပြသမှုတွေကိုရှေ့တမ်းမတင်ဘဲ ကမ္ဘာကြီး
သာယာလှပဘို့ အငတ်ဘေးကလွတ်ဘို့ မတရားမှုတွေက ကင်းဝေးဘို့ ဝိုင်းဝန်းကူညီ
ကြရင်ဘယ်လောက်ကောင်းမလဲနော်။...ကမ္ဘာမြေငြိမ်းချမ်းပါစေ။

'DD'
ကိုးကား
http://www.guardian.co.uk/international/story/0,,1994236,00.html
http://www.bloomberg.com/apps/news?pid=20601087&sid=aQSEcxOJNoPI