၈၈၈၈

Tuesday, August 07, 2007

၈၈၈၈
၈၈၈၈ ဟာ အမှတ်တရဖြစ်စေခဲ့တဲ့ နေ့တစ်နေ့။
အထူးသဖြင့် အဲဒီကာလမှာ တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဘူးတဲ့
ကျွန်တော့်အတွက်တော့ အမှတ်ရစရာတွေ အများကြီးပါ။
......
....
...
'DD'

ခြေခုနှစ်ချောင်းနဲ့သိုးကလေး

သိုးဆိုတာအပြစ်အကင်းစင်ဆုံးသတ္တဝါလို့သတ်မှတ်ခြင်းခံကြရပါတယ်။
နယူးဇီလန်နိုင်ငံမှာ..အဲဒီလိုအပြစ်ကင်းတဲ့သတ္တဝါငယ်လေးတစ်ကောင်
ဟာ ပုံပျက်ပန်းပျက် ခြေ ခုနှစ်ချောင်းနဲ့မွေးဖွားလာခဲ့ပါသတဲ့။
အထီးအမ လိင်စုံလည်းပါရှိတဲ့ဒီသိုးငယ်လေးဟာ သက်ဆိုးရှည်မယ့်
ပုံမပေါ်ဘူးလို့ဟောကိန်းထုတ်ကြသတဲ့။ (မူရင်းသတင်း)


'DD'

တခါတုံးက

Friday, August 03, 2007

တခါတုံးက

တခါတုံးက ကျွန်တော်ဟာ
အဘွားပေးတဲ့ ကျောင်းမုန့်ဘိုး ၁၅ပြားနဲ့
လက်သုတ်တစ်ပွဲ ဝဝကလေး
လွေးခဲ့ဘူးသပ..........

တခါတုံးက ကျွန်တော်ဟာ
ငွေတစ်မတ်ကို ဘုန်းပေါလအော
သစ်သားဂျင်တစ်လုံးဝယ်ကာ
ဆော့ကစား
အထူးသုံးခဲ့ဘူးတာပ...........

တစ်ခါတုံးက ကျွန်တော်ဟာ
မုန့်ဝယ်မစား စုဆောင်းထားတဲ့
ငွေဒင်္ဂါးတစ်ကျပ်တောင် သုံးဖြုန်း
မြို့ပါတ်ရထားကြီး တဂျုံးဂျုံးစီးလို့
ရန်ကုန်မြို့တစ်ပတ်...
တိုင်းခန်းလှည့်ခဲ့ဘူးသပ..........

တစ်ခါတုံးက ကျွန်တော်ဟာ
ဘိုင်စကုတ်ရုံသွားတော့
အမေပေးလိုက်တဲ့ ငွေနှစ်ကျပ်
တစ်ကျပ်ကို ဇာတ်ကားကြည့်
ကျန်တာကို ဇိမ်ကျကျ...
နေကြာကွာစိ မြည်းရင်း
ဘိုင်စကုတ်ကြည့်ခဲ့ဘူးသဗျ......

တစ်ခါတုံးက ကျွန်တော်ဟာ
အဖေ့ကား ဖွတ်ချက်ကလေးနဲ့
ဓါတ်ဆီဆိုင်မှာ တန်းမစီဘဲ
ကြိုက်သလောက် ဓါတ်ဆီထည့်
ဟိုဟိုဒီဒီသွားခဲ့ရတာတွေကို
မှတ်မိနေသေးတာခင်ဗျ..........

အခုတော့ လက်ရှိကျွန်တော်ဟာ
ကေသရာဇာ စက္ကူအစုတ်ပလုတ်တွေ
ဖောင်းကားပြည့်နှက်နေတဲ့
အိတ်တလုံးကို ချိုင်းကြားညှပ်...
ဖိနပ်ပါးပါးတစ်ရံကိုစီး...
ဘီယာ တစ်ဖန်ချိုင့်စုတ်ဘို့.....
ခေါင်းကုတ်စဉ်းစား ဦးရေတွေပါးပြီး
အင်း...တစ်ခါတုံးက ကျွန်တော့်ကို
အသေအချာသတိတရ ရှိနေတော့တာပ.....

'DD'
ဘာရယ်မဟုတ်ပါ..
ငယ်ငယ်ကအကြောင်းလေးတွေ
သတိရလို့ ရေးမိတာ...

အရေးကြီးတဲ့မေးခွန်း

Thursday, August 02, 2007

ဒီကနေ့ဖတ်ရတဲ့စာတိုကလေးတစ်ပုဒ်ကိုဝေငှချင်ပါတယ်။...
****************************************************
အရေးကြီးဆုံးမေးခွန်း...

တစ်ခါတုံးက သူနာပြုတက္ကသိုလ်တစ်ခုမှာ ပါမောက္ခက အတန်းသား/သူတွေကို
ရှောင်တခင် ဥာဏ်စမ်းမေးခွန်းတိုတွေပေးပြီး စစ်ဆေးပါတယ်။
ကျောင်းသားတွေဟာမေးခွန်းတွေကိုဖြေဆိုလာလိုက်တာ နောက်ဆုံးမေးခွန်းရောက်မှ ဦးနှောက်အတော်စားသွားကြပါတယ်။ (ဘာသာရပ်နဲ့လည်း မဆိုင်တဲ့မေးခွန်းပါဘဲ)..
မေးထားတာက..“ကျောင်းမှာသန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးရဲ့ပထမနာမည်
စာလုံးဟာ ဘာလဲ”.. ဆိုတာပါဘဲ။

ရယ်စရာလည်းဖြစ်နေရဲ့။ အတန်းသားတွေအားလုံး
သူမဟာ အရပ်ရှည်တယ်၊ ဆံပင်နက်နက် အသက် ၅၀ လောက် ဆိုတာသိကြရဲ့...
ဒါပေမယ့်နာမည်ကိုတော့ သိကြပုံမရ။ အဲဒါနဲ့ အဖြေလွှာတွေအပ်ပြီးချိန်ရောက်တော့
တစ်ယောက်ကမေးလိုက်တယ်...“နောက်ဆုံးမေးခွန်းအတွက် အမှတ်ထည့်တွက်မှာ
လားဆရာ”... မဆိုင်းမတွဘဲ..ပါမောက္ခက..”သိတ်သေချာတာပေါ့”....
တဆက်တည်းမှာဘဲဆက်ပြောတာက ” ခင်ဗျားတို့ ရှေ့လုပ်ငန်းခွင်သက်တမ်း
တစ်လျောက်မှာ လူတွေအများကြီးတွေ့ရလိမ့်မယ်..အားလုံးဟာ အရေးပါအရာရောက်
ကြတယ်.. သူတို့ကို အလေးထား ဂရုပြုတတ်ဘို့လိုတယ်..ယုစွဆုံး.. ပြုံးပြ..
နေကောင်းလား မေးတာလောက်ပေါ့”...
အတန်းသား/သူတွေဟာ သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးရဲ့ပထမနာမည်
“ဒေါ်ရိုသီ (Dorothy)” ဆိုတာအပြင် အဲဒီသင်ခန်းစာမေးခွန်းကို အမြဲတမ်း
သတိရနေကြတော့သတဲ့။..
*******************************************************
'DD'
စာကြွင်း။ ။ မူရင်း The Most Important Question ဆိုတဲ့စာတပိုဒ်ကို ကိုယ့်အမြင်နဲ့
ပြန်လည်ရေးသားဝေငှပါတယ်။

ဘက်စ်ကားဟာသ

Thursday, July 26, 2007


ရယ်စရာတစ်ခုပြောပြချင်တယ်။
သိဘူး ပြီးသားဖြစ်မလားမသိဘူးနော်...
တစ်ခါက ဘတ်စ်ကားပေါ်မှာပေါ့...
သားသည်မိန်းမတစ်ယောက် ပါလာတယ်။ ထိုင်လျက် ကလေးကို
နို့တိုက်ဘို့ကြိုးစားနေတယ်။ ကလေးကလည်းစူးစူးရှရှကိုငိုနေတာဘဲ။
ချော့လို့လည်းမရ နို့လည်းမစို့နဲ့။ ဒါနဲ့ မအေလုပ်သူလည်းကြံရာမရဖြစ်ပြီး
ကလေးကို ခြောက်ရတော့တာပေါ့ “ဟဲ့ကလေး...နို့စို့မလားမစို့ဘူးလား..
နင်မစို့ရင် ရှေ့မှာရပ်နေတဲ့ လူကြီးကိုတိုက်လိုက်ရမလားလို့မေးလိုက်တယ်”..
ကလေးကလည်း ခြောက်မှပိုငို နို့လည်းလုံးလုံးမစို့ဘူး။
....အဲသလို..ခလေးကငိုလိုက်..မအေကခြောက်လိုက်နဲ့....မှတ်တိုင်တွေ
အတော်များများခရီးပေါက်လာတဲ့အခါကျတော့.. လက်မှတ်ရောင်းသူက
ကလေးမအေရှေ့ကလူကို...ဟေ့လူဘာတွေဖြစ်နေတာလဲ...အခုဘဲ မှတ်တိုင်ပါတယ်
အခုဘဲ မဆင်းတော့ဘူး.. ခဏခဏမလုပ်နဲ့..လို့ကြိမ်းမောင်းသံကြားရတယ်။
ကလေးမအေရှေ့ကလူက အဲဒီတော့မှ...ကလေးမအေကို..
ကဲမအဝှာ.. ကလေးကလည်းနို့လည်းစို့တာမဟုတ်ဘူး.. ဆုံးဖြတ်ချက်ကို
မြန်မြန်ချတော့ဗျာ...မှတ်တိုင်တွေလည်းအတော်ကျော်လာပြီ...လို့
မချိတင်ကဲ ပြောလိုက်တော့မှာ... ခရီးသည်တွေအားလုံးပွဲကျသွားတာပေါ့ဗျာ။
.......................
ဘာရယ်မဟုတ်ပါဘူး...တလောက TV မှာကြည့်လိုက်ရတဲ့ဟာသ
ဇာတ်လမ်းတိုလေးကိုပြန်ပြီးဝေမျှတာထက် ဘာမှမပိုပါဘူးခင်ဗျား။

'DD'