Friday, January 26, 2007
တစ်ခါတစ်ရံ အခြေအနေတစ်ခုဟာ အကျဉ်းအကြပ်ထဲရောက်နေရင်..
သို့မဟုတ်...အကြောင်းကိစ္စတစ်ခုကို ဖြေရှင်းနိုင်မှုမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို
ထင်မိရင် ရူးချင်တယ်လို့ ငြီးမိတတ်ကြတယ်...ခင်ဗျားတို့လည်းကြုံဘူးကြမယ်လို့
ထင်တယ်။ လူတိုင်း ယေဘူယျအားဖြင့် နားလည်လက်ခံထားတာက အရူးဆိုတာက
သူ့ရဲ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်စွမ်းချို့ယွင်းနေတတ်သလို ပြဿနာဖြစ်မိလုပ်မိကြပြီး...
ပြဿနာကိုမဖြေရှင်းနိုင်ရင်တောင် အော်...သူက အရူးဘဲဆိုပြီး လျှစ်လျှူရှုလိုက်ကြ
မသိကျိုးကျွံပြုပြီး ခွင့်လွှတ်လိုက် တတ်ကြတယ်မှုတ်လား။ ဒါတင်မက ရူးသူပြုခဲ့တဲ့
အမှုကိစ္စတွေကိုတောင်မှ လိုက်ဖြေရှင်းပေးရတာမျိုးရှိတတ်ပါတယ်။ အဲဒီတော့...
သူများက ကိုယ့်ကိုရူးတယ်လို့လက်ခံထားရင် ပြဿနာတစ်ရပ်ကိုမရှင်းနိုင်ရင်တောင်
ကိုယ့်ကို ရူးနေတယ်ဆိုပြီး ခွင့်လွတ်စေချင်လို့ ဒီလို ရူးချင်မိတာလို့အလွယ်ပြောရမလား..
သို့မဟုတ်...ရူးသွားရင် ဘာကိုမှ မသိတော့ဘူးထင်လို့၊ ပြဿနာနဲ့ ဝေးသွားမယ်ထင်လို့
ဒါတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဘဲ...ဆိုကြရမလား...။
အင်း...စကားပျိုးတာ အနည်းငယ်ရှည်လျားသွားတယ်...
ပြောချင်တဲ့ ဇာတ်လမ်းက ဒီလို...
မောင်ဒီး ငယ်စဉ် တစ်ရံရောအခါက မောင်ဒီးနေတဲ့ရပ်ကွက်မှာ ဖြစ်ခဲ့တာပေါ့။
အဲဒီရပ်ကွက်မှာ လူတွေ နေ့စဉ် ဥဒဟိုသွားကြတဲ့ လမ်းမကျယ်တစ်ခုရှိတယ်...
လက်ဘက်ရည်ဆိုင်၊ဆံပင်ညှပ်ဆိုင်၊အပ်ချုပ်ဆိုင်၊ပင်မင်း စတာတွေရှိတဲ့အပြင်
ဈေးသွား၊ ကျောင်းသွား၊ အလုပ်သွား၊ ဘယ်သွားသွား ဒီလမ်းကသွားကြရတော့
အမြဲတမ်း စည်ကားနေတဲ့လမ်းပေါ့။ လမ်းဘေးဝဲယာမှာလဲ လူသွားလမ်းနဲ့ကပ်လျက်
အိမ်ခြံစည်းမှာစိုက်ထားကြတဲ့ သစ်ပင်ပန်းပင်တွေနဲ့လှပနေတတ်တယ်။ အဲဒီအချိန်
ကာလက တရုတ်နယ်စပ်ကဝင်လာတဲ့စက်ဘီးတွေဈေးတော်လွန်းလို့ အိမ်တိုင်းလိုလို
တရုတ်စက်ဘီးလေးတွေနဲ့ပေါ့။ ညနေခင်းဆိုရင် လူငယ်တွေ စက်ဘီးကိုယ်စီနဲ့
လက်ဘက်ရည်ဆိုင်သွားကြ သူငယ်ချင်းတွေနဲ့ လမ်းသလားကြနဲ့ လမ်းမပေါ်မှာ
စည်ကားလိုက်တာ။
တစ်ညနေပေါ့...အဲဒီလိုလှပနေတဲ့အချိန် မောင်ဒီး သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်
ဆိုင်မှာ ကိုထီး သီချင်းနဲ့ငြိမ့်နေတုံး လမ်းမပေါ်မှာလူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တာ
တွေ့လိုက်ရတယ်။ သွားလာနေတဲ့ လူတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ အကုန်ရပ်
သွားတယ်။ အရူးတစ်ယောက်၊ ဗလက အလွန်ကောင်း မုတ်ဆိတ်ကျင်စွယ်ခပ်ရေးရေး၊
အင်္ကျီမပါ ဆံပင်ဖွာလံကျဲပြီး ဆဲဆိုအော်ဟစ်နေတယ်။ လမ်းမပေါ်ရှေ့နောက် ခေါက်တုံ့
ခေါက်ပြန် ပြေးနေတော့ သူရောက်သွားတဲ့နေရာတိုင်း လူတွေက သူနားက
ခပ်ရှဲရှဲနေပေးရတယ်။ ခဏနေတော့ တိုလီမုတ်စ ရောင်းတဲ့ကုလားဆိုင်ထဲလှမ်းကြည့်
နေပြီး ရုတ်တရက်အဲဒီဆိုင်ထဲဝင်ပြေးသွားတယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ
(ငါးပေါင်လား ဆယ်ပေါင်လားမသိဘူး...ဆိုကြပါစို့) အရိုးရှည်တပ်ထားတဲ့
ဆယ်ပေါင်တူကြီးကိုင်ပြီးထွက်လာတယ်။ လမ်းပေါ်က စောစောကရပ်ကြည့်နေတဲ့
လူတွေ ပြေးလိုက်ကြတာ ဘာပြောကောင်းမလဲ။ အရူးကတော့ ခေါင်းပေါ်မှာ တူကြီး
ဝေ့ပြီး ဆဲဆိုနေတယ်။ ဘယ်သူမှ အနားမသီရဲဘူး။ အရူးက တကယ်ကိုထုမယ့်ပုံဘဲ။
အောင်မလေးခဏအတွင်း ခါးဝတ်တောင်မပါတော့ဘူး၊ မိမွေးတိုင်းဖမွေးတိုင်းဘဲ။
ပါတ်ဝန်းကျင် အခင်းအကျင်းနဲ့ လားလားမျှ မသင့်တော်မအပ်စပ်တဲ့ပုံရောက်သွားတယ်။
(အမျိုးသမီး ကြီးကြီးငယ်ငယ် အိုအိုပျိုပျို တွေလည်းအနီးမှာရှိနေကြတယ်မှုတ်လား။)
ပြောပြောဆိုဆိုနဲ့ မောင်ဒီးတို့ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာပါကရောလား။
မောင်ဒီးတို့သူငယ်ချင်တစ်သိုက်လည်း ဘာပြောကောင်းမလဲ ဗန္ဓုလအမျိုးတွေပီသစွာနဲ့
အရူးနဲ့လွတ်တဲ့ ဆိုင်ထောင့်တစ်နေရာကို ထပြေးလိုက်ကြတာ...အခြားဝိုင်းမှာထိုင်နေ
သူတွေလည်း ထိုနည်း၎င်းပေါ့။ အရူးက စတင်ကြမ်းတော့မဲ့ အရိပ်ယောင်ဘဲ။
တူကိုယမ်းနေတာ ဆိုင်က စားပွဲအချို့ဖယိုဖယဲဖြစ်သွားတယ်။ အပြင်မှာလည်း လူတွေ
ဝိုင်းအုံကြည့်နေတယ်။ ဒီအချိန်မှာ ရဲတို့ အရံမီးသတ်တို့ ဘယ်ရောက်နေလည်းမသိဘူး။
အခုမှ ဖုန်းဆက်ခေါ် လူလွှတ်ခေါ်ရင်တောင် အရူးတစ်ခုခုလုပ်တော့မှာဆိုတော့
အချိန်မီရောက်လာဘို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ မောင်ဒီးတို့ တစ်ယောက်နဲ့
တစ်ယောက်မသိမသာကြည့်မိကြတယ်။ ဒီအရူးကိုသွားဖမ်းဘို့ သတ်ပုတ်လုံးထွေးဘို့
ထိအောင် ရဲဝံ့စွာစွန့်စားဘို့ကော ခွန်အားဗလအရကော တို့မှာမရှိကြပါလို့ ပြိုင်တူ
အကြည့်တွေနဲ့ သဘောတူချက်ရယူပြီး လူစွမ်းကောင်းတစ်ယောက်များ ပေါ်လာ
လေမလား (ခုခေတ် Batman တို့ Supermanတို့လို) ဆိုတဲ့မျှော်လင့်ချက်နဲ့
ဘေးဘီကိုကြည့်မိတော့ ဆိုင်ထဲမှာကောဆိုင်ပြင်မှာပါ(ဗလကောင်းတဲ့ဒီအရူးကို
ဖမ်းဘို့ထက်) လွတ်ရာကိုရှောင်ရှားဘို့ကြိုးစားနေကြတာမြင်ရတယ်။
(စပ်စုတဲ့လူ့သဘောအရ ဒီအရူးဘာလုပ်မယ်ဘယ်တွေဆက်ဖြစ်မယ်ဆိုတာကလည်း
သိချင်နေသေးတော့ မျက်ကွယ်ရာကိုလည်းမသွားနိုင်ကြသေးဘူး။)
အဲဒီအချိန်မှာဘဲ အရူးရဲ့နောက်ဘက် မလှမ်းမကမ်းနေရာက လူတစ်ယောက်က
လှစ်ကနဲ တူကိုင်ထားတဲ့လက်ကို ဝင်ချုပ်ကိုင်လိုက်တယ် နောက်တစ်ယောက်က
မရှေးမနှောင်းနောက်လက်တစ်ဘက်ကိုဝင်ချုပ်ပြန်တယ်။ ဆက်တိုက်ဆိုသလို
လူတွေဝင်ရောက်ချုပ်လိုက်တာ ချုပ်တဲ့သူတွေများလွန်းလို့အရူးတောင် မမြင်ရတော့ဘူး။
(မောင်ဒီးတောင် ချုပ်မလို့သွားတာ လူပြည့်သွားလို့.....အဟီး...)
စတင် အရူးကို ဝင်ချုပ်တဲ့သူဟာ ပါးနပ်ပြီး သတ္တိရှိတယ်လို့ပြောရမယ့်အပြင်
သေချာတာကတော့ တက်ညီလက်ညီ မိမိရရချုပ်ကိုင်မိဘို့လဲလိုအပ်တယ်ဆိုတာ
မတိုင်ပင်မိဘဲ အားလုံးသဘောပေါက်သွားကြတာဘဲ။
နောက်တော့အရူးကိုအဝတ်အစားတွေ ပြန်ဝတ်ပေးပြီး တော့ သက်ဆိုင်ရာအာဏာပိုင်
တွေရောက်လာတာနဲ့ သူတို့လက်ထဲအပ်လိုက်တယ်။ မောင်ဒီးတို့သူငယ်ချင်းတစ်စု
အဲဒီတော့မှ သက်ပြင်းချရယ်မောနိုင်ကြတော့တယ်။
ဒီအဖြစ်အပျက်နဲ့ပါတ်သတ်လို့...မောင်ဒီးပြောချင်တာက
နေ့စဉ်နဲ့အမျှ ပါတ်ဝန်းကျင်အနီးအနားမှာ အရူးတွေတွေ့နေကြရတယ် မှုတ်လား။
ပြဿနာတွေမဖြေရှင်းချင်လို့ရူးချင်ယောင်ဆောင်နေတဲ့ အရူးအတုတွေ၊
ငါသာလျှင်အားလုံးထက်တော်တတ်သူလို့ “ငါ”ဆိုတဲ့အတ္တရူးတွေ၊ ဘယ်သူမှ
အနားကပ်ခွင့်မရလောက်အောင် (အထက်က မောင်ဒီးပြောခဲ့သလို တူကြီး
ကိုင်ထားတဲ့ ဝစ်လစ်စလစ်နဲ့) ထိန်းမနိုင်သိမ်းမရ အရူးတွေ အပြင် အခြားသော
ပုံသဏ္ဍာန်မျိုးစုံနဲ့ အရူးတွေပြည့်နေတယ်။ အရေးကြီးတာက ဒီအရူးတွေကို
ဘယ်လို အသိတရားပုံမှန် ပြန်လည်ရရှိလာအောင် ဘယ်လိုကုသပေးကြမယ်
ဆိုတာကတော့ မောင်ဒီးရဲ့ဦးနှောက်သေးသေးလေးနဲ့ အဖြေရှာဘို့ခက်နေပါတယ်။
ကဲ “အရူးတွေလွတ်နေတယ်” ဘယ်သူတွေစဖမ်းကြမလဲ ဘယ်လိုလုပ်ကြမလဲ....
'DD'
11 comments:
လောကမှာလူတိုင်းလူတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ရူးနေကြတာပါဘဲ၊ ကျနော်တောင်မှ ဘလော့ရူးတော့ ရူးလိုက်သေးတာဘဲနော်..ဟုတ်တယ်မဟုတ်လား
ဒီပို့စ်ဖတ်ပြီးမှဘဲ ကိုယ့်ကိုကိုယ်သတိထားမိတော့တယ်..
ုKZY စာကိုပြန်ဖတ်ကြည့်ပြီး ကျွန်တော်ပြောချင်တဲ့ အရူးဆိုတာကိုနားလည် နိုင်အောင် ကြိုးစားကြည့်ပါလို့ ပြောချင်ပါတယ်။
(ကိုယ်ရဲ့ဝါသနာ သို့မဟုတ် ကောင်းကျိုးကိစ္စတစ်ရပ်ကို အခြေခံပြီး ရူးသွပ်သလို စွဲလမ်းဆောင်ရွက်တတ်သူကိုပြောတာမဟုတ်ပါဘူး)
ဟုတ်ပါတယ် ဆြာဒီး ဘာကိုဆိုလိုတယ်ဆိုတာ ကျနော် ပေါက်ပါတယ်။ ကိုယ်လဲ တစ်မျိုးမျိုးကို ရူးသွပ်စွာစွဲလန်းခဲ့တယ် ဆိုတာကို ပြောပြတာပါ ဆြာဒီးရေ....
အဲဒီလိုအရူးတွေကိုမကြောက်တတ်တဲ့လူတွေများလာရင်
လွတ်နေတဲ့အရူးတွေမြန်မြန်မိသွားမှာပါ။
ဘာလဲတော့သေသေချာချာမသိဘူး၊
ရေးမိရေးရာဝင်ရေးလိုက်တာ၊;-P
ကောင်းပါ့ဗျား။
အရူးတွေဖမ်းဖို့သတ္တိလိုသလို၊
စည်းလုံးဖို့လည်းလိုတယ်ဗျာ။
အရှုးဆိုသည့်အဓိပ္ပါယ်အားဃဃဏဏမသိ
ဝေဖန်မိက ဆိုပြောသူသည် အရှုးပေတည်း
အော်ငါသည်လည်းပဲ အရှုး ပါဓကား
အရှုးဆိုသည့်အဓိပ္ပါယ်အားဃဃဏဏမသိ
ဝေဖန်မိက ဆိုပြောသူသည် အရှုးပေတည်း
အရှုးဆိုသည့်အဓိပ္ပါယ်အားဃဃဏဏမသိ
ဝေဖန်မိက ဆိုပြောသူသည် အရှုးပေတည်း
အရှုးဆိုသည့်အဓိပ္ပါယ်အားဃဃဏဏမသိ
ဝေဖန်မိက ဆိုပြောသူသည် အရှုးပေတည်း
အရှုးဆိုသည့်အဓိပ္ပါယ်အားဃဃဏဏမသိ
ဝေဖန်မိက ဆိုပြောသူသည် အရှုးပေတည်း
Post a Comment