ဒီးဒုတ် Anniversary

Tuesday, September 18, 2007

ဒီနေ့ဒီးဒုတ်တစ်နှစ်ပြည့်...

ကျွန်တော့်အသက်မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ ဒီးဒုတ်ဘလော့ဂ် သက်တမ်းတစ်နှစ်လွန်မြောက်သွာားတာကိုဆိုလိုတာပါ။

ဘာတွေရေးခဲ့ ဘယ်လိုပို့စ်တွေတင်ခဲ့မိတာကိုတော့(အားလုံးကို)ရေရေရာရာမမှတ်မိဘူး။ ကိုယ့်ဘာသာ ဖတ်မိ၊မြင်မိ၊ကြားမိ၊ခံစားမိတာတွေကို ပြန်လည်တွေးမိရေးမိ ဝေငှဖြစ်တယ်။ ဘယ်သူကိုမှထိခိုက်စေတဲ့အကြောင်းအရာတွေမပါဘူး လို့တော့ယူဆမိပါရဲ့။ ဒါပေမယ့် တစ်ချို့သော ၇-ရက်သားသမီးတွေကိုစိတ်ဆင်းရဲစေသူများကတော့ ကြိုက်ချင်မှကြိုက်မယ့်အရေးအသားကလေးတွေတော့ပါကောင်းပါနိုင်ပါတယ်။ မြန်မာ (Blogosphere) ဘလိုဂိုစဖီးယားမှာ လူဦးရေသိသိသာသာတိုးတက်လာတယ်။ ဦးဆောင်ဦးရွက်ပြုပြီး အခမ်းအနားတွေ တွေ့ဆုံမှုတွေလုပ်ကြတာသိရသဗျား။ (ကောင်းလေစွ)၂
ကျွန်တော်ဒီးဒုတ်ကတော့ ဒီးဒုတ်တို့ထုံးနှလုံးမူပြီး အသာလေးနှပ်နေ...လူမသိသူမသိ ကာလအချိန်လောက်ဘဲ ကိုယ်လုပ်စရာကိုယ်လုပ်...ပြီးတော့ ပြန်နှပ်နေလိုက်။ ဘာဘဲဖြစ်ဖြစ် အခုလို Alternative society တစ်ခုပေါ်ပေါက်လာပြီးနောက် ဘယ်လိုပယောဂကြောင့်မှ ဒီနေရာဒေသလေး မပျက်စီးမပျောက်ကွယ်သွားစေချင်ဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလခံစားချက်ကတော့
ကိုယ့်ရဲ့ online privacy ကိုတတ်နိုင်သလောက်ထိန်းသိမ်းထားချင်တယ်။ ဒီကာလအတောအတွင်း မြင်တွေ့ရတာကအချို့ဘလော့ဂ်တွေကိုတားဆီးပိတ်ပင်ခံရ၊ ကိုယ့်အပေါင်းအသင်းတွေရဲ့လင့်ခ်တွေဖြုတ်ပစ်ရ၊ ကိုယ်ပါဝင်နေကြနေရာတွေကထွက်ခွာ၊ခွဲခွာသွားရ။...သူငယ်ချင်းတွေရေ...
ဘာဘဲဖြစ်ဖြစ်...တစ်နေ့တစ်ချိန်မှာတော့ ဒီဝန်းကျင်ဒေသမှာ အတားအဆီး အနှောင့်အယှက်လွတ်ကင်းတဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့လောကသစ်တစ်ခုပေါ်ပေါက်လာပြီး တွေ့ဆုံပျော်ရွှင်ခွင့်ရချင်တယ်။...မြန်မာဘလော့ဂါများ ကောင်းကျိုးလိုအင်ဆန္ဒပြည့်စုံစေသတည်း..

'DD'
18 Sept 2007

ဂျင်ကာရီ (Jim Carrey) အလေးအနက်တောင်းဆို

Thursday, August 30, 2007

ဒီတစ်ခါတော့ ဟာသပြက်လုံးထုတ်တာမဟုတ်ပါ။ အမြဲရွှတ်နောက်နေတတ်တဲ့
“မျက်နှာဖုံး--The Mask” ဇာတ်ကားနဲ့ကျော်ကြားတဲ့ ဟာသမင်းသားဂျင်ကာရီ
က အလေးအနက် တောင်းဆိုထားတာပါ။...


အပြည့်အစုံ (မူရင်း)

Video

လောင်စာဆီဈေးနှုန်းများ မြင့်တက်မှု၏နောက်ကွယ်တွင်

Friday, August 24, 2007

ဆောင်းပါးရှင် အဲဖရက်ဒ် အိုလာစ် | သြဂုတ် ၂၃၊ ၂၀၀၇
..............
မြန်မာနိုင်ငံကဲ့သို့သော ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာများ ကြွယ်ဝလှသည့်နိုင်ငံတွင် ပြည်သူလူထုအတွက် ဘာ့ကြောင့် လောင်စာဆီဤမျှ ရှားပါးနေရသနည်း။ ဈေးချိုချိုနှင့် သုံးစွဲနိုင်စေရန် မထောက်ပံ့ပေးနိုင်ရသနည်းဟူ၍လည်း မေးခွန်းများ ဖြစ်လာရသည်။ ထို့အပြင် အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းရငွေများဖြင့် အကျိုးအမြတ် များစွာရရှိနေသော ကာလတွင် ဘယ့်အတွက်ကြောင့် လောင်စာဆီဈေးနှုန်းများကို အဆမတန်မြှင့်တင်ခဲ့ရပါသနည်း။ စသဖြင့်လည်း မေးစရာ တပုံတပင် ရှိလာခဲ့ပါသည်။
....................
...........
........
.......
ဤသတင်းများ မည်မျှမှန်သည်ကို မည်သူမျှ မသိနိုင်ပါ။ သို့သော်လည်း လောင်စာဆီဈေးများ မြင့်တက်လာမှုကြောင့် လတ်တလောတွင် နိုင်ငံရေးအကျိုးဆက်များ ပေါ်လာနေရပြီ ဖြစ်သည်။ ရေရှည်အတွက်ကို ကြည့်ပါက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ မည်မျှခိုင်မာ အာမခံချက်ရှိသနည်း ဆိုသည်မှာလည်း အခြားအရေးကြီးသည့် မေးခွန်းတခု ဖြစ်နေပါသေး သည်။ ပြည်တွင်းတွင် ရေနံသန့်စင်ထုတ်လုပ်ရေး ကဲ့သို့သော ကိစ္စမျိုးကို အလေးအနက်သဘောထား၍ ပြုပြင်ဆောင်ရွက် ခြင်း မရှိပါက အထက်ဖော်ပြခဲ့သော ပြဿနာမျိုး၊ အကျပ်အတည်းမျိုးနှင့် မြန်မာနိုင်ငံ ဆက်လက်တွေ့ကြုံရဖွယ် ရှိနေပါ သည်။

ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ လက်ရှိ နိုင်ငံခေါင်းဆောင်ပိုင်းက လုပ်ဆောင်နေသည့်ပုံစံပင် ဖြစ်ပါသည်။ သူတို့က သဘာဝဓာတ်ငွေ့ ထုတ်ရောင်းချ၍ ငွေရရေးကိုသာ စဉ်းစားနေပြီး အခြားအချက်များကို လှည့်မကြည့်ကြပါ။ ဤသည်ကပင် မြန်မာနိုင်ငံအတွက် ပြဿနာဖြစ်နေပါတော့သည်။

အပြည့်အစုံဖတ်ချင်ရင်.....
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်က ဧရာဝတီ အင်တာနက် မဂ္ဂဇင်းတွင် ဖော်ပြထားသည့် Alfred Oehlers ရေးသားသော Behind the Fuel Price Rise

အောင်မြင်ပါစေ

ဆရာကြီး ဒဂုံတာရာက ပြောရဲ့.. ဥပမာကလေးနဲ့..
“မီးခဲပြာဖုံးတဲ့...ခုတော့ပြာတွေတဖြည်းဖြည်းလွင့်လာပြီ..”
ဟုတ်ပါတယ်.. လူတွေရဲ့ရင်ထဲမှာရှိနေတဲ့ အပူလုံးကလေးတွေ
ကြီးမားလာတော့မှာ သေချာတယ်။...
တကယ်တော့ လမ်းလျှောက်ကြတယ်ဆိုတာ ရိုးစင်းတဲ့ကိစ္စတစ်ခုပါ။
အဲဒါကို ဘာကြောင့်များ ကြောက်ကြောက်လန့်လန့် တားဆီးနေရတာလဲ။
ဘာကြောင့်ရက်ရက်စက်စက် တိုက်ခိုက်ကြတာလဲ။...
............
....
အမှန်တရားဘက်က မိမိရဲ့ဘဝကိုစတေးရပ်တည်ကြသူများ
အောင်မြင်ပါစေ။

'DD'

Courtesy and Respect....

Thursday, August 09, 2007

ဖတ်မိတဲ့ “ကျော်ဗဟိန်းရဲ့ ...သိသူနှင့် မသိသူ”ဆိုတဲ့စာတစ်ပုဒ်ကိုသဘောကျမိတယ်...
"Courtesy" နဲ့ “Respect” ဆိုတဲ့ အင်္ဂလိပ်စကားလုံးတွေကိုသွားသတိရမိတယ်...
မြန်မာတွေ တစ်ဦးနဲ့တစ်ဦး courtesy နဲ့ Respect ရှိဘို့လိုတယ်လို့ထင်မိတယ်
ဆြာဘရဲ့ ဒီပို့စ်ကနေ အချို့စာသားလေးတွေကူးယူဖော်ပြရရင်....

....................ကျွန်တော့်ထံတွင် မေးခွန်းများစွာ ရှိနေသော်လည်း

သေချာစဉ်းစားကြည့်သောအခါ အဖြေမှာ တစ်ခုသာရှိသည်။ ယင်းမှာ မြန်မာလူမှု

ပတ်ဝန်းကျင်တွင် ခေါက်ရိုးကျိုးနေသော အထက်အောက်ဆက်ဆံရေးပင် ဖြစ်သည်။

တစ်ခေတ် တစ်ခါက ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့သော ကာလတစ်ခုတွင် နှစ်ပေါင်းအတန်ကြာ

ကျင်လည်ကြီးပြင်းခဲ့ကြရသည့် နိုင်ငံသား အများစုတွင် ကြောက်စိတ်

ကြီးစိုးနေတတ်ကြသည်။

ကြောက်စိတ်သည် လူသားတစ်ဦး၏ ဘ၀ အစွမ်းရှိသရွေ့တိုးတက်ခွင့်ကို

ပိတ်ဖုံးစေသောအရာဖြစ်သည်။ ဤသို့ ဆိုခြင်းကြောင့် ဘယ်အရာကိုမှ ကြောက်စရာမလိုဟု

သဘောမရောက်၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ သမ္မာအာဇီဝမကျသော

အသက်မွေးဝမ်းကျောင်းပြုခြင်း၊ မရထိုက် မယူသင့်သော အခွင့်အရေးများကို

ယူခြင်း၊.........................................................



'DD'

၈၈၈၈

Tuesday, August 07, 2007

၈၈၈၈
၈၈၈၈ ဟာ အမှတ်တရဖြစ်စေခဲ့တဲ့ နေ့တစ်နေ့။
အထူးသဖြင့် အဲဒီကာလမှာ တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဘူးတဲ့
ကျွန်တော့်အတွက်တော့ အမှတ်ရစရာတွေ အများကြီးပါ။
......
....
...
'DD'

ခြေခုနှစ်ချောင်းနဲ့သိုးကလေး

သိုးဆိုတာအပြစ်အကင်းစင်ဆုံးသတ္တဝါလို့သတ်မှတ်ခြင်းခံကြရပါတယ်။
နယူးဇီလန်နိုင်ငံမှာ..အဲဒီလိုအပြစ်ကင်းတဲ့သတ္တဝါငယ်လေးတစ်ကောင်
ဟာ ပုံပျက်ပန်းပျက် ခြေ ခုနှစ်ချောင်းနဲ့မွေးဖွားလာခဲ့ပါသတဲ့။
အထီးအမ လိင်စုံလည်းပါရှိတဲ့ဒီသိုးငယ်လေးဟာ သက်ဆိုးရှည်မယ့်
ပုံမပေါ်ဘူးလို့ဟောကိန်းထုတ်ကြသတဲ့။ (မူရင်းသတင်း)


'DD'

တခါတုံးက

Friday, August 03, 2007

တခါတုံးက

တခါတုံးက ကျွန်တော်ဟာ
အဘွားပေးတဲ့ ကျောင်းမုန့်ဘိုး ၁၅ပြားနဲ့
လက်သုတ်တစ်ပွဲ ဝဝကလေး
လွေးခဲ့ဘူးသပ..........

တခါတုံးက ကျွန်တော်ဟာ
ငွေတစ်မတ်ကို ဘုန်းပေါလအော
သစ်သားဂျင်တစ်လုံးဝယ်ကာ
ဆော့ကစား
အထူးသုံးခဲ့ဘူးတာပ...........

တစ်ခါတုံးက ကျွန်တော်ဟာ
မုန့်ဝယ်မစား စုဆောင်းထားတဲ့
ငွေဒင်္ဂါးတစ်ကျပ်တောင် သုံးဖြုန်း
မြို့ပါတ်ရထားကြီး တဂျုံးဂျုံးစီးလို့
ရန်ကုန်မြို့တစ်ပတ်...
တိုင်းခန်းလှည့်ခဲ့ဘူးသပ..........

တစ်ခါတုံးက ကျွန်တော်ဟာ
ဘိုင်စကုတ်ရုံသွားတော့
အမေပေးလိုက်တဲ့ ငွေနှစ်ကျပ်
တစ်ကျပ်ကို ဇာတ်ကားကြည့်
ကျန်တာကို ဇိမ်ကျကျ...
နေကြာကွာစိ မြည်းရင်း
ဘိုင်စကုတ်ကြည့်ခဲ့ဘူးသဗျ......

တစ်ခါတုံးက ကျွန်တော်ဟာ
အဖေ့ကား ဖွတ်ချက်ကလေးနဲ့
ဓါတ်ဆီဆိုင်မှာ တန်းမစီဘဲ
ကြိုက်သလောက် ဓါတ်ဆီထည့်
ဟိုဟိုဒီဒီသွားခဲ့ရတာတွေကို
မှတ်မိနေသေးတာခင်ဗျ..........

အခုတော့ လက်ရှိကျွန်တော်ဟာ
ကေသရာဇာ စက္ကူအစုတ်ပလုတ်တွေ
ဖောင်းကားပြည့်နှက်နေတဲ့
အိတ်တလုံးကို ချိုင်းကြားညှပ်...
ဖိနပ်ပါးပါးတစ်ရံကိုစီး...
ဘီယာ တစ်ဖန်ချိုင့်စုတ်ဘို့.....
ခေါင်းကုတ်စဉ်းစား ဦးရေတွေပါးပြီး
အင်း...တစ်ခါတုံးက ကျွန်တော့်ကို
အသေအချာသတိတရ ရှိနေတော့တာပ.....

'DD'
ဘာရယ်မဟုတ်ပါ..
ငယ်ငယ်ကအကြောင်းလေးတွေ
သတိရလို့ ရေးမိတာ...

အရေးကြီးတဲ့မေးခွန်း

Thursday, August 02, 2007

ဒီကနေ့ဖတ်ရတဲ့စာတိုကလေးတစ်ပုဒ်ကိုဝေငှချင်ပါတယ်။...
****************************************************
အရေးကြီးဆုံးမေးခွန်း...

တစ်ခါတုံးက သူနာပြုတက္ကသိုလ်တစ်ခုမှာ ပါမောက္ခက အတန်းသား/သူတွေကို
ရှောင်တခင် ဥာဏ်စမ်းမေးခွန်းတိုတွေပေးပြီး စစ်ဆေးပါတယ်။
ကျောင်းသားတွေဟာမေးခွန်းတွေကိုဖြေဆိုလာလိုက်တာ နောက်ဆုံးမေးခွန်းရောက်မှ ဦးနှောက်အတော်စားသွားကြပါတယ်။ (ဘာသာရပ်နဲ့လည်း မဆိုင်တဲ့မေးခွန်းပါဘဲ)..
မေးထားတာက..“ကျောင်းမှာသန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးရဲ့ပထမနာမည်
စာလုံးဟာ ဘာလဲ”.. ဆိုတာပါဘဲ။

ရယ်စရာလည်းဖြစ်နေရဲ့။ အတန်းသားတွေအားလုံး
သူမဟာ အရပ်ရှည်တယ်၊ ဆံပင်နက်နက် အသက် ၅၀ လောက် ဆိုတာသိကြရဲ့...
ဒါပေမယ့်နာမည်ကိုတော့ သိကြပုံမရ။ အဲဒါနဲ့ အဖြေလွှာတွေအပ်ပြီးချိန်ရောက်တော့
တစ်ယောက်ကမေးလိုက်တယ်...“နောက်ဆုံးမေးခွန်းအတွက် အမှတ်ထည့်တွက်မှာ
လားဆရာ”... မဆိုင်းမတွဘဲ..ပါမောက္ခက..”သိတ်သေချာတာပေါ့”....
တဆက်တည်းမှာဘဲဆက်ပြောတာက ” ခင်ဗျားတို့ ရှေ့လုပ်ငန်းခွင်သက်တမ်း
တစ်လျောက်မှာ လူတွေအများကြီးတွေ့ရလိမ့်မယ်..အားလုံးဟာ အရေးပါအရာရောက်
ကြတယ်.. သူတို့ကို အလေးထား ဂရုပြုတတ်ဘို့လိုတယ်..ယုစွဆုံး.. ပြုံးပြ..
နေကောင်းလား မေးတာလောက်ပေါ့”...
အတန်းသား/သူတွေဟာ သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးရဲ့ပထမနာမည်
“ဒေါ်ရိုသီ (Dorothy)” ဆိုတာအပြင် အဲဒီသင်ခန်းစာမေးခွန်းကို အမြဲတမ်း
သတိရနေကြတော့သတဲ့။..
*******************************************************
'DD'
စာကြွင်း။ ။ မူရင်း The Most Important Question ဆိုတဲ့စာတပိုဒ်ကို ကိုယ့်အမြင်နဲ့
ပြန်လည်ရေးသားဝေငှပါတယ်။

ဘက်စ်ကားဟာသ

Thursday, July 26, 2007


ရယ်စရာတစ်ခုပြောပြချင်တယ်။
သိဘူး ပြီးသားဖြစ်မလားမသိဘူးနော်...
တစ်ခါက ဘတ်စ်ကားပေါ်မှာပေါ့...
သားသည်မိန်းမတစ်ယောက် ပါလာတယ်။ ထိုင်လျက် ကလေးကို
နို့တိုက်ဘို့ကြိုးစားနေတယ်။ ကလေးကလည်းစူးစူးရှရှကိုငိုနေတာဘဲ။
ချော့လို့လည်းမရ နို့လည်းမစို့နဲ့။ ဒါနဲ့ မအေလုပ်သူလည်းကြံရာမရဖြစ်ပြီး
ကလေးကို ခြောက်ရတော့တာပေါ့ “ဟဲ့ကလေး...နို့စို့မလားမစို့ဘူးလား..
နင်မစို့ရင် ရှေ့မှာရပ်နေတဲ့ လူကြီးကိုတိုက်လိုက်ရမလားလို့မေးလိုက်တယ်”..
ကလေးကလည်း ခြောက်မှပိုငို နို့လည်းလုံးလုံးမစို့ဘူး။
....အဲသလို..ခလေးကငိုလိုက်..မအေကခြောက်လိုက်နဲ့....မှတ်တိုင်တွေ
အတော်များများခရီးပေါက်လာတဲ့အခါကျတော့.. လက်မှတ်ရောင်းသူက
ကလေးမအေရှေ့ကလူကို...ဟေ့လူဘာတွေဖြစ်နေတာလဲ...အခုဘဲ မှတ်တိုင်ပါတယ်
အခုဘဲ မဆင်းတော့ဘူး.. ခဏခဏမလုပ်နဲ့..လို့ကြိမ်းမောင်းသံကြားရတယ်။
ကလေးမအေရှေ့ကလူက အဲဒီတော့မှ...ကလေးမအေကို..
ကဲမအဝှာ.. ကလေးကလည်းနို့လည်းစို့တာမဟုတ်ဘူး.. ဆုံးဖြတ်ချက်ကို
မြန်မြန်ချတော့ဗျာ...မှတ်တိုင်တွေလည်းအတော်ကျော်လာပြီ...လို့
မချိတင်ကဲ ပြောလိုက်တော့မှာ... ခရီးသည်တွေအားလုံးပွဲကျသွားတာပေါ့ဗျာ။
.......................
ဘာရယ်မဟုတ်ပါဘူး...တလောက TV မှာကြည့်လိုက်ရတဲ့ဟာသ
ဇာတ်လမ်းတိုလေးကိုပြန်ပြီးဝေမျှတာထက် ဘာမှမပိုပါဘူးခင်ဗျား။

'DD'

ဘလော့ဂ်ပြန်ရေးမိခြင်း

Tuesday, July 10, 2007

မောင်ဒီး ဘာလိုလိုလုပ်နေခဲ့တာကြာပေါ့။ သူများစာတွေလည်း မဖတ်ဖြစ်တာ
အတော်လေးကြာသွားတယ်။ ကြာဆို ၅လလောက်တောင်ရှိသွားပြီ။
(ဘာတွေလုပ်နေလဲတော့မမေးပါနဲ့တော့)
ဘလော့ဂ္ဂါတွေ (အသစ်တွေ၊ အဟောင်းတွေ)အများကြီးတွေ့ရတာကလား။
စာရေးဆရာ/ဆရာမတွေတောင်ပါတာတွေ့တယ်။ ဘာဘဲဖြစ်ဖြစ် အရမ်းအားရစရာ
ကောင်းတယ်။ အချို့များဆို template အပျံစား အမိုက်စားတွေနဲ့
ဂုရုကွေးစကား ခဏငှားသုံးရရင် “ဟိုက်...ရှားဘား” လို့အာမေဋိတ်ဘဲ
ရွတ်နိုင်တယ်။
ဧည့်သည်တစ်ယောက်ကဆိုရင်... “ဒီပုရွက်ဆိတ် အတော်အသက်ရှည်နေပါလား”
လို့တောင် မောင်ဒီးရဲ့ နောက်ဆုံးတင်ထားတဲ့ပို့်စ်ကို ရည်ညွှန်းနောက်ပြောင်သွားရဲ့။
လာအော်သွားတဲ့သူတွေလည်း အတော်များသား။
ကိုယ်ငြည်စတ် (ကိုညီဆက် ကိုစချင်လို့)တောင်မှ ပို့စ်တွေအများကြီးပြန်တင်ထား
တယ်။ သိတ်ဝမ်းသာတယ်။ စာတွေ ပိုပြောင်မြောက်လာသလိုဘဲ။
့မြန်မာပြည်မှာလည်း ဘလော့ဂ္ဂါသမဂ္ဂ.. အဲလေ ယောင်လို့ ဘလော့ဂ္ဂါအဖွဲ့ဆိုလား
ဆုံစည်းကြတာတွေလည်းကြားရသဗျား။ (ဘီယာဆိုင်မှဆိုလား.... အဲဒါဆို မောင်ဒီး
လည်း ပါဝင်ဆင်နွှဲလိုပါရဲ့ အဟီး...)။
ဘီယာဆိုလို့ အပြင်မှာလည်းမိုးကလေးအုံ့နေပါလား။ ရာသီဥတု ကိုယ့်ဘက်မှာ
ရှိနေရဲ့ ..(အလကားပြောတာပါ မောင်ဒီးမသောက်တတ်ပါဘူး...၀ိုင်းကောင်းမှပါ
occasional... social.. လောက်ပါဘဲ)။ မိုးအုံ့နေတယ်ဆိုလို့ လာလည်သွားတဲ့
မသဓါ ဆိုလား မသဒ္ဒါဆိုလား :)” သူမဘလော့ဂ်သွားလည်မိတော့မှ
ပုံတွေဝေဆာစွာနဲ့ ကဗျာတွေဖတ်ရင်း သက်ပြင်းတွေချမိရဲ့...
အာဇာနည်နေ့ရောက်လာပြန်ပြီ...
နိုင်ငံ့လွတ်လပ်ရေးအတွက်လုံးပန်းရင်း မသမာသူတွေရဲ့လက်ချက်ကြောင့်
အသက်ပေးသွားတဲ့ ခေါင်းဆောင်တွေအကြောင်းမောင်ဒီး စဉ်းစားမိတယ်။
ငယ်ငယ်တုံးက ဥသြသံတွေကြားရတဲ့ တခါတရံ မိုးကလေးစွေနေတတ်တဲ့
လူတွေစိတ်မချမ်းမြေ့ရတဲ့ ထိုနေ့ ရောက်လာပြန်ပြီ။
နိဗ္ဗာန်ဘုံကိုရောက်ရှိနေပြီဖြစ်တဲ့....အသက်ပေးသွားပြီးကိုယ်ကျိုးစွန့်သွားတဲ့ခေါင်းဆောင်တွေ
ကို ဘယ်သူမှမေ့နိုင်ကြမှာ မဟုတ်သလို... အသက်ရှင်နေလျှက် သူများတကာ
သွေးတွေချွေးတွေရင်းပြီး ခင်းထားခဲ့တဲ့လမ်းမှာ နောက်ကျောမလုံဘဲ ခပ်တည်တည်နဲ့
နိုင်ငံကိုကယ်တင် ထားသူများလို့ ဗြောင်လိမ်ဗြောင်စား အော်နေကြတဲ့
လူ့ဝဲစားတွေက တော့ ဒီ ၁၉ဇူလိုင် ရောက်လာတိုင်း စိတ်ခြောက်ခြားနေရဦးမှာ
အသေအချာပါဘဲ။

'DD'

(မောင်ဒီးဘလော့ဂ်ကို လာလည်သူများကို ကျေးဇူးတင်ပါတယ်)။

ပုရွက်ဆိတ်

Tuesday, February 20, 2007


ဒီနေ့မနက် ရုံးရောက်ရောက်ခြင်းဘဲ ရုံးခန်းထဲ(ပလတ်စတစ်အိတ်နဲ့အသေအချာထုတ်ပြီး)မနေ့ကသိမ်းထားခဲ့တဲ့ မနက်စာကို အိမ်ကယူလာတဲ့ OrangeJuice နဲ့လွေးတော့မယ်ဆိုပြီးစဉ်းစားနေတုံး...အောင်မလေး..အိတ်ထဲမှာ ပုရွတ်ဆိတ်တွေဗျ။ သွားပါပြီ မောင်ဒီး မနက်စာ။ တတ်နိုင်ပါဘူး...OrangeJuice နဲ့ဘဲကျေနပ်လိုက်ရတော့မှာပ။ သကောင့်သားများက ပလတ်စတစ်အိတ်ကို ကိုက်ဖောက်ပြီးမှ ဝင်သွားကြတာခင်ဗျ။ ပလတ်စတစ်အိတ် ကိုဖောက်ပြီးဝင်နိုင် မှာမဟုတ်ဘူးလို့ယုံကြည်မိတဲ့ အကျွန်ုပ်အပြစ်။ ရုံးက fridge ထဲသွားထားရင်လဲ လူရန်ကိုကြောက်ရတယ် ဆိုပြီး ကိုယ့်ရုံးခန်းထဲကိုယ်ထားခဲ့တာပါ။
(ကိုယ်လည်း fridge ထဲက သူများမုန့်ကိုယူစားဘူးတယ်...အဟီး...)
ငယ်ငယ်ကသင်ဘူးတဲ့ ပုရွက်ဆိတ် နဲ့ နှံကောင် ကဗျာကိုလည်းသွားသတိရမိရဲ့။ ဘာတဲ့.....

ပုရွက်ဆိတ်...ပုရွက်ဆိတ်
ဟုတ်ကဲ့ ဦးခေါင်းညိတ် (တကယ် ညိတ်မညိတ်တော့မသိဘူး အဲလိုတော့ရေးထားတာဘဲ)
တိတ်တိတ်ကလေးသယ်ဆောင်လာ
ဆန်စေ့ကြီးလည်းပါ...
မိုးခါ အစာလွန်ရှားပါး...
ခုကစုသလား။

....
အခုဟာက ဆန်စေ့ကိုစုနေတာမဟုတ်...မောင်ဒီးရဲ့ Breakfast ဖြစ်တဲ့ Whole Wheat CreamCracker ကို လာရောက်ဖောက်ထွင်းနေကြတာကလား။ အေးလေ...ခုခေတ်ပုရွက်ဆိတ်တွေလည်း အရင်ကနဲ့တော့ ဘယ်တူကြတော့မှာလဲ။ အဲဒါနဲ့ပုရွတ်ဆိတ်အကြောင်းရှာကြည့်မိတော့... ဒီနေရာမှာ..ပြောပြထားတာက ပုရွက်ဆိတ်တစ်ကောင်မှာမှတ်ဥာဏ်အနည်းငယ်တော့ရှိပြီး ရိုးစင်းတဲ့စွမ်းဆောင်နိုင်မှုလည်းရှိကြတယ်။
ဒါပေမယ့်...အစုအဖွဲ့လိုက်ဆိုရင်တော့ အံ့မခန်းစုစည်းပြုမူလုပ်ဆောင်နိုင်မှု၊ကြီးမားတဲ့ပစ္စည်းတွေသယ်ယူတာ၊ သူတို့ကိုယ်သူတို့ တံတားတွေဖြစ်အောင်ဆောက်တာ၊ ပြီးတော့ သူတို့အသိုက်ကနေအစာရှိတဲ့ နေရာကို အတိုဆုံးလမ်းကြောင်းကို စုပေါင်းရှာဖွေနိုင်ကြသတဲ့။ တစ်ကောင်ခြင်းဟာ ဘာမှဝေးဝေးလံလံစဉ်းစားမနေဘဲ လက်ရှိဝန်းကျင်အနေအထားအရ ဆုံးဖြတ်လုပ်ကိုင်ကြတယ်။ သူတို့ဥာဏ်စွမ်းကတော့တစ်ကောင်ခြင်းစီဆောင်ရွက်တတ်မှုရယ် အခြားအကောင်တွေနဲ့သွယ်ဝိုက်ဆက်သွယ်မှုတို့ရယ်ပေါင်း စည်းမှုကပေါ်ထွက်လာတဲ့အကျိုးဆက်ဖြစ်ပါတယ်။ အဲဒါကို...Emergent Behavior... သို့...Emergent Intelligence...လို့ခေါ်ပါသတဲ့။ (မြန်မာလို ရမ်းသန်းပြန်ကြည့်လိုက်ရင် လတ်တလောပေါ်လာသောအပြုအမူ ...သို့...လတ်တလောပေါ်လာသောဥာဏ်စွမ်း လို့ခေါ်နိုင်မလား?)
အဲဒီအကြောင်းအရာတွေကိုအခြေခံပြီး AI--Artificial Intelligence (ဥာဏ်ရည်တု)နဲ့ပါတ်သတ်တဲ့ အခြေခံအကြောင်းအရာတွေကိုတောင် ကွန်ပျူတာပရိုဂရမ်မင်း နဲ့ထုတ်နုတ်စဉ်းစားပြထားသဗျ။ (မောင်ဒီးကတော့ လိုက်မမီတော့ပါဘူးဗျာ... ) အဲဒါနဲ့အတူ collective behavior ဆိုတဲ့ စုစည်းပြုမူလုပ်ဆောင်မှု ဆိုတာကိုလည်း သတိထားမိလိုက်ပါတယ်။ စုပေါင်းညီညာ အောင်ကြောင်းဖြာ သွားကြတဲ့ ပုရွက်ဆိတ်များပါတကား။...

'DD'
ဘာရယ်မဟုတ်ပါဘူး...ပုရွက်ဆိတ်အကြောင်းတွေးမိတာနဲ့ရေးလိုက်တာ။

ဘလော့ဂ်အညွှန်း

Tuesday, February 13, 2007

ဘလော့ဂ်သိပ်မရေးဖြစ်ပေမယ့် ဘလော့ဂ်တွေတော့လိုက်ဖတ်ဖြစ်တယ်။
အဲဒီထဲက Spirit corner ရဲ့ ဒီလို ပို့စ်လေးတွေကြိုက်တယ်။

ကျွန်မဒီလောက်တောင် အင်္ဂလိပ်တွေအကြောင်းပြောနေတော့ သူတို့ဟာ သိပ်တော်၊ သိပ်ကောင်းတဲ့ လူတွေလားလို့မေးလာခဲ့ရင် ကျွန်မက မဟုတ်ပါဘူးလို့ ချက်ချင်းဖြေမှာပါ။ သူတို့ဟာ ပညာတတ်တွေပီပီ ပြုံးပြုံး ပြုံးပြုံးနဲ့ ပညာရှိနည်းတွေနဲ့လည်း နှိပ်စက်တက်ပါတယ်။ ကမ္ဘာနိုင်ငံရေးလောကမှာလည်း နောက်ကနေ လိုသလို ကျားကွက်ရွေ့နိုင်ပါတယ်။ နောက်ပြီး ကမ္ဘာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ၊ အိန္ဒိယ နှင့် ပါကစ္စတန်၊ မြန်မာပြည်မှာတောင် အထက် နှင့်အောက် မြန်မာပြည်ရယ်လို့ စသည်ဖြင့် သေသေချာချာ သွေးခွဲနိုင်ခဲ့တာ သူတို့ပါ။ ဒါပေမဲ့ သူတို့ဘယ်လောက်တော်လဲဆိုရင် သူတို့နယ်ချဲ့ခဲ့ပေမဲ့ နယ်ချဲ့ခံခဲ့ရတဲ့သူတွေဟာ သူတို့ကို မမုန်းကြပါဘူး။ သူတို့ကို အထင်ကြီးလေးစားခဲ့ကြဖူးပါတယ်။ ကိုလိုနီခေတ်၊ မဆလ ခေတ်၊ နအဖ ခေတ်တွေထဲမှာ ဘယ်ခေတ်ကိုကြိုက်သလဲမေးရင် ရှေ့မှီနောက်မှီတွေထဲမှာ ကိုလိုနီခေတ်ကို ကြိုက်နှစ်သက်သူတွေအများကြီးပါ။


သူ့ရဲ့တခြားပို့စ်လေးတွေဖတ်ရတာလဲ အတော်သဘောကျမိကြောင်းပါဗျား။

'DD'

ဘုန်းတော်ကြီးနဲ့ဆာမူရိုင်း

Wednesday, February 07, 2007


အခါတစ်ပါးက ဆာမူရိုင်းစစ်သည်တစ်ယောက်ဟာအလွန်ဝေးလံတဲ့အရပ်မှာသီတင်းသုံး
တဲ့ ဘုန်းတော်ကြီးတစ်ပါးထံရောက်သွားခဲ့သတဲ့။ ရောက်ရောက်ချင်းတံခါးကိုဝုန်းကနဲ
တွန်းဖွင့်လိုက်ပြီး “ဟေ့ ဘုန်းကြီး...နိဗ္ဗာန်နဲ့ငရဲ ဘာတွေကွာခြားသလဲ ပြောစမ်း” လို့
ဟိန်းဟောက်မေးမြန်းလိုက်သတဲ့။
ဘုန်းတော်ကြီးကတော့ သူ့ရဲ့ တာတာမိ* ခင်းထားတဲ့ကြမ်းပြင်မှာ
မလှုပ်မလျှက်ထိုင်နေရာက စစ်သည်ဘက်ကို လှည့်ပြီးမော့ကြည့်ပြီး ပြန်ပြောလိုက်တယ်...
“ကိုယ့်ကိုယ်ကို ဆာမူရိုင်းစစ်သည်တော်လို့ခေါ်တာ မင်းလား...ဟုတ်စ” (ခနဲ့ပြုံးကလေးနဲ့)
မင်းကိုယ်မင်းကြည့်လိုက်စမ်း...မင်းဟာ လူ့တံတွေးကွက် ကလေးတစ်ခုမျှသာဘဲ”..
(အလကားကောင်ဘဲလို့ ပြောလိုက်တာပါ။)
“ဘာကွ”...ဆာမူရိုင်းဟာကြုံးဝါးလိုက်ပြီး လက်က သူ့ဒါးပေါ်ရောက်သွားတယ်။
(ဆာမူရိုင်းဒါး ကို ရုပ်ရှင်ထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် မြင်ဘူးမှာပေါ့...)
“အလိုလေး...ဒါးတောင်သုံးမလို့ပါလား။ ယင်ကောင်ကိုခေါင်းပြတ်အောင် ခုတ်မလို့လား..”
ဘုန်းတော်ကြီးကထပ်ပြီး ခနဲ့လိုက်တယ်။
ဒေါသအမျက် ချောင်းချောင်းထွက်သွားတဲ့ဆာမူရိုင်းဟာ ဘယ်လိုမှ ထိန်းသိမ်းနိုင်စွမ်း
မရှိတော့ပါဘူး။ ဒါးအိမ်က ဒါးကိုထုတ်လိုက်ပြီး ခေါင်းပေါ်ထိအောင် မြှောက်လိုက်ပြီးတော့
ဘုန်းတော်ကြီးရဲ့ခေါင်းကိုခုတ်ဖြတ်ဘို့ ရွယ်မလိုက်တယ်။ ဘုန်းတော်ကြီးကတော့
ဒေါသဆူဝေနေတဲ့ ဆာမူရိုင်းရဲ့မျက်ဝန်းကိုစိုက်ကြည့်လိုက်ပြီးပြောလိုက်တယ်..
“အဲဒါ..ငရဲဘုံ ရဲ့ဝင်ပေါက်တံခါးဝပေါ့ ငါ့သားရယ်”...
ဘုန်းတော်ကြီးဟာ ကိုယ့်ရဲ့အသက်နဲ့ရင်းပြီး သူ့ကိုတရားပြလိုက်တယ်ဆိုတာ
သဘောပေါက်သွားတဲ့ ဆာမူရိုင်းစစ်သည်ဟာ ဒါးကို ဒါးအိမ်ထဲ အသာပြန်ထည့်လိုက်တယ်။
ဦးခေါင်းကိုနှိမ့်ချ ဝပ်တွားလိုက်ပြီးတော့ ဘုန်းတော်ကြီးကို အရိုအသေပြုလိုက်ပြီး
အဆုံးအမအတွက် ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။
“မိတ်ဆွေရယ်...ဒါဟာ ကောင်းကင်နိဗ္ဗာန်ရဲ့ တံခါးဝပေါ့ကွယ်။”...ဘုန်းတော်ကြီးကလည်း
ပြန်မိန့်ကြားလိုက်တယ်တဲ့.....

'DD'
* တာတာမိ = tatami-ဂျပန်မြက်ဖျာ
စာကြွင်း။ ။
Spinning Tales, Weaving Hope: Stories of Peace, Justice & the Environment
New Society Publishers, 1992. New edition 2002. မှ John Porcino ရဲ့
The Monk and the Samurai ကိုဆီလျော်အောင်ပြန်ဆိုပါတယ်။

ဂါဇာ ဇာတ်လမ်းလေးတစ်ပုဒ်

Monday, January 29, 2007

လူသူအသွားအလာနည်းတဲ့ ဒီမြေဝါရောင်လမ်းကြမ်းကြမ်းတွေရှိတဲ့နေရာ၊ ပြီးတော့
အခိုင်အခံ့ ဒါးချွန်လေးတွေတပ်ထားတဲ့ သံမဏိဝါယာခွေ စည်းရိုးလည်းရှိတယ်။
အဲဒီစည်းရိုးနားကိုရောက်တော့ သူမရဲ့မျက်ဝန်းတွေတောက်ပလာတာကိုတွေ့ရတယ်။
အစ္စရေးလူမျိုးအသက်ငါးဆယ်ကျော်အရွယ်သူမဟာ ဒီကြမ်းတမ်းပြီး အန္တရယ်ရှိတဲ့
နေရာကိုမှ လာချင်စိတ် ပြင်းပြလွန်းတဲ့အကြောင်းအရင်းကတော့.....
****************************
အဲဒီတစ်ရက်မှာ သူမကြားလိုက်ရတဲ့သတင်းက သူမရဲ့နှလုံးသားကိုနှုတ်ယူလိုက်သလို
ပါဘဲ။ Yuni-ယူနီသေဆုံးသွားပြီတဲ့။ ယူနီဟာသူမသိပ်ချစ်မြတ်နိုးရတဲ့ သား။
အညွန့်တစ်လူလူနဲ့ အင်္ဂလန်မှာ ဆေးပညာသင်ယူနေတယ်။ ယူနီဘွဲ့ရပြီးရင် သူမတို့
ရဲ့မိသားစု ဂုဏ်ယူနိုင်ရုံတင်မက အစ္စရေးနိုင်ငံအတွက်တန်ဘိုးရှိတဲ့လူငယ်တစ်ယောက်
ပေါ်ထွန်းလာမှာလို့သူမယုံကြည်ထားတယ်။ အခုတော့ သူမရဲ့မျှော်လင့်ချက်တွေပျက်သုဉ်း
သွားခဲ့ပြီလေ။ မျက်ဝန်းထဲမှာမြင်ယောင်နေတယ်...သူ့အကိုတစ်ယောက်ရဲ့မင်္ဂလာပွဲမှာ
ယူနီ ပျော်ရွင်စွာကခုန်နေတာ...တကယ့်အပြစ်ကင်းစင်တဲ့ သားလိမ္မာကလေးပါ။
သူမရဲ့တူတော်သူ ယူနီ့ဝမ်းကွဲအကိုတစ်ယောက်လာပြောတာ...“ကျွန်တော်နဲ့သူနဲ့
တစ်နေရာကပြန်လာခဲ့ကြတယ်။ အဲဒီလမ်းဆုံရောက်တော့ ကျွန်တော့ကို လက်ပြ
နှုတ်ဆက်ပြီး ဆိုက်လာတဲ့ ဘက်စ်ကားပေါ်တက်သွားတယ်။ ကျွန်တော်လှည့်ထွက်မလို့
လုပ်နေချိန်မှာဘဲ...ပေါက်ကွဲသံကြားလိုက်ပြီး လူတွေပြေးလွှားအော်ဟစ်နေတာတွေ့
ရတယ်။ ယူနီစီးသွားတဲ့ ဘက်စ်ကားဆိုတာသိလိုက်ရတယ်”။ အသေခံ ပါလက်စတိုင်း
ဗုံးခွဲတိုက်ခိုက်သူတွေရဲ့လက်ချက်လို့ ပြောကြတယ်။ ဒီလိုအသေခံဗုံးခွဲမှုမျိုးဟာ
ဂျေရုစလင်မြို့မှာ ဘယ်တော့မှာမှ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာလဲ။
အဲဒီနေ့က သူမဟာအရူးမီးဝိုင်း လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တယ်...ပါးစပ်ကလဲ
သူမရဲ့သားလေး တွေ့မိကြလားဆိုပြီး တွေ့သမျှလူတွေလိုက်မေးနေမိတာပါဘဲ။
ဘယ်နှစ်ယောက်ဆိုတာတော့မသိပါဘူးဘက်စ်ကားပေါ်ကလူတော်တော်များများ
ဗုံးဒဏ်ကြောင့်သေဆုံးကြရတယ်။ နောက်တော့သတင်းရတာက ယူနီ ဆေးရုံမှာဆို
တာပါဘဲ။ သမားတော်တွေအစီရင်ခံချက်အရ ယူနီမသေဘူးဆိုပေမယ့် မျှော်လင့်ချက်
မရှိတော့ဘူးတဲ့။ ယူနီဟာ ဘယ်တော့မှပြန်လည်မနိုးထနိုင်တော့မယ့် ဦးနှောက်သေဆုံး
သွားပါပြီ။ တကိုယ်လုံးမှာလည်း ဒဏ်ရာဗရပွနဲ့။ ဆေးရုံကမေတ္တာရပ်ခံတယ်။
ပြန်လည်ရှင်သန်မလာနိုင်တော့မယ့် ယူနီရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလှူဒါန်းပါတဲ့။
***********************
သူ ဒီနေရာကိုလာရင် စိုးရိမ်နေမိတယ်။ လမ်ခရီးက မအေးချမ်းဘူး။ လမ်းမှာ
အထပ်ထပ်စစ်ဆေးမှုတွေအပြင် အခန့်မသင့်ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါက်ကွဲ
မှုတွေပါ ကြုံတွေနိုင်တယ်။ သူတို့ပါလက်စတိုင်းနိုင်ငံဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး
ရဘို့အတွက် ဘယ်လောက်ကြာညောင်းနေဦးမှာလဲ။ ဒါပေမယ့် Yesmin ယက်စ်မင်
ဆိုတဲ့အသက် ၇နှစ်လောက်အရွယ် သူ့ရဲ့သမီးငယ်လေးရဲ့ကျန်းမာရေးအတွက်
သူတို့မိသားစု ကြမ်းတမ်းတဲ့အခက်အခဲတွေကို ရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ထားတယ်။
ဂါဇာစည်းရိုးကိုကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို အကြိမ်အတော်များများ ယက်စ်မင်
ဆေးကုသခံဘို့လာရောက်ခဲ့ရတယ်။ ဒါပေမယ့် အချိန်တစ်ချိန်ရောက်လို့မှ
ယက်စ်မင်ရဲ့ကျောက်ကပ်ကိုအစားထိုးကုသခွင့်မရရင် သမီးလေးကိုလက်လွတ်ဆုံး
ရှုံးရလိမ့်မယ်ဆိုတာလဲကြိုသိနေခဲ့တယ်။ ယက်စ်မင့်မိခင်အပါအဝင် သူတို့တစ်မိသားစုလုံး
နေ့စဉ်နှင့်အမျှစိတ်ကြေကွဲနေကြရတယ်။ အခုတော့ ယက်စ်မင်လေးအတွက်ကြီးမား
တဲ့မျှော်လင့်ချက်ရောင်ခြည်ထွက်ပေါ်ခဲ့ရပြီလေ။ ယက်စ်မင်နဲ့သဟဇာတကျမယ့်
ယက်စ်မင်ကျောက်ကပ်နဲ့ကိုက်ညီတဲ့ အစားထိုးနိုင်မယ့်ကျောက်ကပ်အလှူရှင်ပေါ်ပြီတဲ့။
***********************
မြေစိုင်မြေခဲဝါဝါတွေနဲ့ ပါလက်စတိုင်းတွေနေရာကိုသူမရောက်လာခဲ့ပြီ။ ယ္ခုဆိုရင်
သူငယ်မလေး ဘယ်အရွယ်ရောက်နေပြီလဲ။ အိမ်ရှေ့ရောက်တော့ ကြိုတင်
အကြောင်းကြားထားတဲ့အတွက် အိမ်သားတွေထွက်ကြိုနေကြတယ်။
ဂျူးဘာသာဝင် အစ္စရေးနိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုမျိုး ဂါဇာကိုဖြတ်ကျော်
ပြီး အစ္စလာမ်ဘာသာဝင် ပါလက်စတိုင်းမိသားစုထံလာလည်မိတာကသူမအတွက်
အတော်ထူးဆန်းတဲ့အိပ်မက်တစ်ခုပါဘဲ။ ဧည့်ခန်းမှာလူတွေဝိုင်းဝန်းထိုင်ပြီး
စကားစမြည်စပြောကြတယ်။ သူမရဲ့မျက်ဝန်းက တစ်စုံတစ်ယောက်ကိုရှာဖွေနေတယ်
ဆိုတာသိတော့ အိမ်ရှင်မကအတွင်းကိုအသံပြုလိုက်တယ်...“ယက်စ်မင်သမီးလေးရေ
ဒီကိုလာပါဦးကွယ်”။ အခန်းတံခါးလိုက်ကာခန်းစည်းကို ဖယ်ပြီး ယက်စ်မင်ထွက်လာ
တယ်။ သူမမျက်ရည်တွေ တစ်ပေါက်ပေါက်ကြလာခဲ့တယ်။ ယက်စ်မင်ကိုပွေ့ဖက်နမ်းရှုံ့
လိုက်မိတယ်။ ယက်စ်မင်ဟာ အခုဆိုရင် ၁၃-၁၄နှစ်လောက်ရှိနေပြီ။ ယက်စ်မင်ရဲ့
ခန္ဓာကိုယ် ထဲမှာ သူမရဲ့သား ယူနီရဲ့ ခန္ဓာတစ်စိတ်တစ်ဒေသရှိနေတယ်ဆိုတာ
သိနေတယ်။ ယက်စ်မင်တို့မိသားစုတွေနဲ့မပြန်ခင်စကားဖောင်ဖွဲ့ခဲ့ကြတယ်။
ယက်စ်မင့်ဖခင်က.....
“ကျွန်တော် သမီးလေးကို သူမရဲ့ဘဝအကြောင်း၊ ယူနီရဲ့ကျောက်ကပ်ဟာ
သမီးဘဝ ကိုကယ်တင်ခဲ့တဲ့အကြောင်း အမြဲပြောပြဖြစ်တယ်။ သူတို့နှစ်ယောက်
ဟာ တစ်ယောက်တည်းပါဘဲ။”
နောက်တော့ ယူနီ နဲ့ ယက်စ်မင် တို့ပါတဲ့ ဘောင်သွင်းထားတဲ့ ဓါတ်ပုံတစ်ပုံကို
ယက်စ်မင့်ဖခင်က လက်ဆောင်ပေးရင်း သူမကိုစကားတစ်ခွန်းပြောလိုက်တယ်။
(မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ယက်စ်မင့်ဖခင်ပြောတာက...)
”ခင်ဗျားတို့ကို ထာဝရသတိရနေမှပါ။ တကယ်တော့ ဂျူးတွေအစ္စရေးတွေဆိုတာ
ပါလက်စတိုင်းတွေနဲ့ဘာမှမကွဲပြားပါဘူး၊ အတူတူပါဘဲဗျာ။”

'DD'
**************************
စာကြွင်း။ ။ တိုက်ခိုက်နေကြဆဲဖြစ်တဲ့ အစ္စရေးနဲ့ပါလက်စတိုင်းဒေသက
မေတ္တာအခြေခံ တကယ့်အဖြစ်အပျက်ဇာတ်လမ်းလေးပါ။
လွန်ခဲ့တဲ့ သီတင်းပါတ်သုံးပါတ်လောက်တုံးက အားလပ်ချိန် တီဗွီမှာ
ကြည့်မိတဲ့ Documentary တစ်ခုရဲ့ မူရင်းပြကွက်တွေကို ကိုပြန်လည်ခံစားပြီး
ရေးထားတာပါ။ အနည်းငယ်ကြာသွားတော့ အချို့အသေးစိတ်အချက်လေးတွေ
မမှတ်မိတော့ပေမယ့် ဆိုလိုတဲ့ဇာတ်လမ်းအဓိပ္ပါယ်မပျောက်အောင်ကြိုးစား
တင်ပြထားပါတယ်။

အရူးတွေလွတ်နေသည်...

Friday, January 26, 2007

တစ်ခါတစ်ရံ အခြေအနေတစ်ခုဟာ အကျဉ်းအကြပ်ထဲရောက်နေရင်..
သို့မဟုတ်...အကြောင်းကိစ္စတစ်ခုကို ဖြေရှင်းနိုင်မှုမရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို
ထင်မိရင် ရူးချင်တယ်လို့ ငြီးမိတတ်ကြတယ်...ခင်ဗျားတို့လည်းကြုံဘူးကြမယ်လို့
ထင်တယ်။ လူတိုင်း ယေဘူယျအားဖြင့် နားလည်လက်ခံထားတာက အရူးဆိုတာက
သူ့ရဲ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်စွမ်းချို့ယွင်းနေတတ်သလို ပြဿနာဖြစ်မိလုပ်မိကြပြီး...
ပြဿနာကိုမဖြေရှင်းနိုင်ရင်တောင် အော်...သူက အရူးဘဲဆိုပြီး လျှစ်လျှူရှုလိုက်ကြ
မသိကျိုးကျွံပြုပြီး ခွင့်လွှတ်လိုက် တတ်ကြတယ်မှုတ်လား။ ဒါတင်မက ရူးသူပြုခဲ့တဲ့
အမှုကိစ္စတွေကိုတောင်မှ လိုက်ဖြေရှင်းပေးရတာမျိုးရှိတတ်ပါတယ်။ အဲဒီတော့...
သူများက ကိုယ့်ကိုရူးတယ်လို့လက်ခံထားရင် ပြဿနာတစ်ရပ်ကိုမရှင်းနိုင်ရင်တောင်
ကိုယ့်ကို ရူးနေတယ်ဆိုပြီး ခွင့်လွတ်စေချင်လို့ ဒီလို ရူးချင်မိတာလို့အလွယ်ပြောရမလား..
သို့မဟုတ်...ရူးသွားရင် ဘာကိုမှ မသိတော့ဘူးထင်လို့၊ ပြဿနာနဲ့ ဝေးသွားမယ်ထင်လို့
ဒါတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဘဲ...ဆိုကြရမလား...။



အင်း...စကားပျိုးတာ အနည်းငယ်ရှည်လျားသွားတယ်...
ပြောချင်တဲ့ ဇာတ်လမ်းက ဒီလို...
မောင်ဒီး ငယ်စဉ် တစ်ရံရောအခါက မောင်ဒီးနေတဲ့ရပ်ကွက်မှာ ဖြစ်ခဲ့တာပေါ့။
အဲဒီရပ်ကွက်မှာ လူတွေ နေ့စဉ် ဥဒဟိုသွားကြတဲ့ လမ်းမကျယ်တစ်ခုရှိတယ်...
လက်ဘက်ရည်ဆိုင်၊ဆံပင်ညှပ်ဆိုင်၊အပ်ချုပ်ဆိုင်၊ပင်မင်း စတာတွေရှိတဲ့အပြင်
ဈေးသွား၊ ကျောင်းသွား၊ အလုပ်သွား၊ ဘယ်သွားသွား ဒီလမ်းကသွားကြရတော့
အမြဲတမ်း စည်ကားနေတဲ့လမ်းပေါ့။ လမ်းဘေးဝဲယာမှာလဲ လူသွားလမ်းနဲ့ကပ်လျက်
အိမ်ခြံစည်းမှာစိုက်ထားကြတဲ့ သစ်ပင်ပန်းပင်တွေနဲ့လှပနေတတ်တယ်။ အဲဒီအချိန်
ကာလက တရုတ်နယ်စပ်ကဝင်လာတဲ့စက်ဘီးတွေဈေးတော်လွန်းလို့ အိမ်တိုင်းလိုလို
တရုတ်စက်ဘီးလေးတွေနဲ့ပေါ့။ ညနေခင်းဆိုရင် လူငယ်တွေ စက်ဘီးကိုယ်စီနဲ့
လက်ဘက်ရည်ဆိုင်သွားကြ သူငယ်ချင်းတွေနဲ့ လမ်းသလားကြနဲ့ လမ်းမပေါ်မှာ
စည်ကားလိုက်တာ။
တစ်ညနေပေါ့...အဲဒီလိုလှပနေတဲ့အချိန် မောင်ဒီး သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်
ဆိုင်မှာ ကိုထီး သီချင်းနဲ့ငြိမ့်နေတုံး လမ်းမပေါ်မှာလူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တာ
တွေ့လိုက်ရတယ်။ သွားလာနေတဲ့ လူတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ အကုန်ရပ်
သွားတယ်။ အရူးတစ်ယောက်၊ ဗလက အလွန်ကောင်း မုတ်ဆိတ်ကျင်စွယ်ခပ်ရေးရေး၊
အင်္ကျီမပါ ဆံပင်ဖွာလံကျဲပြီး ဆဲဆိုအော်ဟစ်နေတယ်။ လမ်းမပေါ်ရှေ့နောက် ခေါက်တုံ့
ခေါက်ပြန် ပြေးနေတော့ သူရောက်သွားတဲ့နေရာတိုင်း လူတွေက သူနားက
ခပ်ရှဲရှဲနေပေးရတယ်။ ခဏနေတော့ တိုလီမုတ်စ ရောင်းတဲ့ကုလားဆိုင်ထဲလှမ်းကြည့်
နေပြီး ရုတ်တရက်အဲဒီဆိုင်ထဲဝင်ပြေးသွားတယ်။ ပြန်ထွက်လာတော့ လက်ထဲမှာ
(ငါးပေါင်လား ဆယ်ပေါင်လားမသိဘူး...ဆိုကြပါစို့) အရိုးရှည်တပ်ထားတဲ့
ဆယ်ပေါင်တူကြီးကိုင်ပြီးထွက်လာတယ်။ လမ်းပေါ်က စောစောကရပ်ကြည့်နေတဲ့
လူတွေ ပြေးလိုက်ကြတာ ဘာပြောကောင်းမလဲ။ အရူးကတော့ ခေါင်းပေါ်မှာ တူကြီး
ဝေ့ပြီး ဆဲဆိုနေတယ်။ ဘယ်သူမှ အနားမသီရဲဘူး။ အရူးက တကယ်ကိုထုမယ့်ပုံဘဲ။
အောင်မလေးခဏအတွင်း ခါးဝတ်တောင်မပါတော့ဘူး၊ မိမွေးတိုင်းဖမွေးတိုင်းဘဲ။
ပါတ်ဝန်းကျင် အခင်းအကျင်းနဲ့ လားလားမျှ မသင့်တော်မအပ်စပ်တဲ့ပုံရောက်သွားတယ်။
(အမျိုးသမီး ကြီးကြီးငယ်ငယ် အိုအိုပျိုပျို တွေလည်းအနီးမှာရှိနေကြတယ်မှုတ်လား။)
ပြောပြောဆိုဆိုနဲ့ မောင်ဒီးတို့ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲ ဝင်လာပါကရောလား။
မောင်ဒီးတို့သူငယ်ချင်တစ်သိုက်လည်း ဘာပြောကောင်းမလဲ ဗန္ဓုလအမျိုးတွေပီသစွာနဲ့
အရူးနဲ့လွတ်တဲ့ ဆိုင်ထောင့်တစ်နေရာကို ထပြေးလိုက်ကြတာ...အခြားဝိုင်းမှာထိုင်နေ
သူတွေလည်း ထိုနည်း၎င်းပေါ့။ အရူးက စတင်ကြမ်းတော့မဲ့ အရိပ်ယောင်ဘဲ။
တူကိုယမ်းနေတာ ဆိုင်က စားပွဲအချို့ဖယိုဖယဲဖြစ်သွားတယ်။ အပြင်မှာလည်း လူတွေ
ဝိုင်းအုံကြည့်နေတယ်။ ဒီအချိန်မှာ ရဲတို့ အရံမီးသတ်တို့ ဘယ်ရောက်နေလည်းမသိဘူး။
အခုမှ ဖုန်းဆက်ခေါ် လူလွှတ်ခေါ်ရင်တောင် အရူးတစ်ခုခုလုပ်တော့မှာဆိုတော့
အချိန်မီရောက်လာဘို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ မောင်ဒီးတို့ တစ်ယောက်နဲ့
တစ်ယောက်မသိမသာကြည့်မိကြတယ်။ ဒီအရူးကိုသွားဖမ်းဘို့ သတ်ပုတ်လုံးထွေးဘို့
ထိအောင် ရဲဝံ့စွာစွန့်စားဘို့ကော ခွန်အားဗလအရကော တို့မှာမရှိကြပါလို့ ပြိုင်တူ
အကြည့်တွေနဲ့ သဘောတူချက်ရယူပြီး လူစွမ်းကောင်းတစ်ယောက်များ ပေါ်လာ
လေမလား (ခုခေတ် Batman တို့ Supermanတို့လို) ဆိုတဲ့မျှော်လင့်ချက်နဲ့
ဘေးဘီကိုကြည့်မိတော့ ဆိုင်ထဲမှာကောဆိုင်ပြင်မှာပါ(ဗလကောင်းတဲ့ဒီအရူးကို
ဖမ်းဘို့ထက်) လွတ်ရာကိုရှောင်ရှားဘို့ကြိုးစားနေကြတာမြင်ရတယ်။
(စပ်စုတဲ့လူ့သဘောအရ ဒီအရူးဘာလုပ်မယ်ဘယ်တွေဆက်ဖြစ်မယ်ဆိုတာကလည်း
သိချင်နေသေးတော့ မျက်ကွယ်ရာကိုလည်းမသွားနိုင်ကြသေးဘူး။)
အဲဒီအချိန်မှာဘဲ အရူးရဲ့နောက်ဘက် မလှမ်းမကမ်းနေရာက လူတစ်ယောက်က
လှစ်ကနဲ တူကိုင်ထားတဲ့လက်ကို ဝင်ချုပ်ကိုင်လိုက်တယ် နောက်တစ်ယောက်က
မရှေးမနှောင်းနောက်လက်တစ်ဘက်ကိုဝင်ချုပ်ပြန်တယ်။ ဆက်တိုက်ဆိုသလို
လူတွေဝင်ရောက်ချုပ်လိုက်တာ ချုပ်တဲ့သူတွေများလွန်းလို့အရူးတောင် မမြင်ရတော့ဘူး။
(မောင်ဒီးတောင် ချုပ်မလို့သွားတာ လူပြည့်သွားလို့.....အဟီး...)
စတင် အရူးကို ဝင်ချုပ်တဲ့သူဟာ ပါးနပ်ပြီး သတ္တိရှိတယ်လို့ပြောရမယ့်အပြင်
သေချာတာကတော့ တက်ညီလက်ညီ မိမိရရချုပ်ကိုင်မိဘို့လဲလိုအပ်တယ်ဆိုတာ
မတိုင်ပင်မိဘဲ အားလုံးသဘောပေါက်သွားကြတာဘဲ။
နောက်တော့အရူးကိုအဝတ်အစားတွေ ပြန်ဝတ်ပေးပြီး တော့ သက်ဆိုင်ရာအာဏာပိုင်
တွေရောက်လာတာနဲ့ သူတို့လက်ထဲအပ်လိုက်တယ်။ မောင်ဒီးတို့သူငယ်ချင်းတစ်စု
အဲဒီတော့မှ သက်ပြင်းချရယ်မောနိုင်ကြတော့တယ်။

ဒီအဖြစ်အပျက်နဲ့ပါတ်သတ်လို့...မောင်ဒီးပြောချင်တာက
နေ့စဉ်နဲ့အမျှ ပါတ်ဝန်းကျင်အနီးအနားမှာ အရူးတွေတွေ့နေကြရတယ် မှုတ်လား။
ပြဿနာတွေမဖြေရှင်းချင်လို့ရူးချင်ယောင်ဆောင်နေတဲ့ အရူးအတုတွေ၊
ငါသာလျှင်အားလုံးထက်တော်တတ်သူလို့ “ငါ”ဆိုတဲ့အတ္တရူးတွေ၊ ဘယ်သူမှ
အနားကပ်ခွင့်မရလောက်အောင် (အထက်က မောင်ဒီးပြောခဲ့သလို တူကြီး
ကိုင်ထားတဲ့ ဝစ်လစ်စလစ်နဲ့) ထိန်းမနိုင်သိမ်းမရ အရူးတွေ အပြင် အခြားသော
ပုံသဏ္ဍာန်မျိုးစုံနဲ့ အရူးတွေပြည့်နေတယ်။ အရေးကြီးတာက ဒီအရူးတွေကို
ဘယ်လို အသိတရားပုံမှန် ပြန်လည်ရရှိလာအောင် ဘယ်လိုကုသပေးကြမယ်
ဆိုတာကတော့ မောင်ဒီးရဲ့ဦးနှောက်သေးသေးလေးနဲ့ အဖြေရှာဘို့ခက်နေပါတယ်။
ကဲ “အရူးတွေလွတ်နေတယ်” ဘယ်သူတွေစဖမ်းကြမလဲ ဘယ်လိုလုပ်ကြမလဲ....


'DD'

အခွန်? တာဝန်? အကြပ်ကိုင်ခြင်း?

Tuesday, January 23, 2007


နေနေနိုင်ရဲ့ဒီပို့စ်ကိုဖတ်မိတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်
နေကြတဲ့ ရွှေနိုင်ငံကမြန်မာနိုင်ငံသားတွေတိုင်းရင်းသားတွေဟာ အခက်အခဲတွေ
မျိုးစုံကြုံတွေ့နေကြရတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ အခွန်ဆိုလို့
မောင်ဒီးအရင်ရေးဘူးတဲ့ ရန်ကုန်စာတိုက်ကြီးမှာ ချောစာထုပ်သွားထုတ်တုံးက
ပေးခဲ့ရတယ် အခွန်ဆိုတာကိုလည်းပြန်သတိရနေမိတယ်။ မြန်မာနိုင်ငံ
ကပြည်သူ့ဝန်ထမ်းအတော်များများဟာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း
ကိုလိုက်နာပြီးပြည်သူ့ကိစ္စကိုဆောင်ရွက်ပေးမယ်ဆိုတာထက် လုပ်ငန်းခွင်စတင်
ဝင်ရောက်ကတည်းက “လုပ်ပိုင်ခွင့်” ဆိုတာကိုစွဲကိုင်ပြီး ကိုယ့်ရဲ့ပုဂ္ဂလိကကိုယ်ကျိုး
ကိုသာအဓိကထားနေကြတယ်။ လုပ်ပိုင်ခွင့်နဲ့ လာဒ်ငွေ၊အခြားရစရာများများရနိုင်တဲ့
နေရာလုပ်ငန်းဌာနကိုခေတ်စကားနဲ့ “ခွင်” (ဂွင်လို့အသံထွက်တယ်)လို့ခေါ်ကြတယ်။
လူတစ်ယောက်ဟာ အရွယ်ရောက်လာလို့ အစိုးရဝန်ထမ်း(သို့)ပြည်သူ့ဝန်ထမ်းအလုပ်
ကိုလုပ်ဘို့ရွေးချယ်ရတော့မယ်ဆိုရင် ခွင် ဘယ်လောက်ကောင်းသလဲဆိုတာကိုအရင်
ကြည့်ကြတော့တယ်။ ပြီးရင်တော့ “အာဏာ” ဆိုတာကြီးပါလာရင် ပိုပြီးတော့တောင်ဆိုး
သပေါ့ဗျာ။ မောင်ဒီး ဘွဲ့လွန်သင်တန်းလေးဘာလေးတက်ခဲ့တုံးကသင်တန်းဖော်တွေနဲ့
အဖွဲ့လိုက်စာတမ်းတင်မယ်ဆိုတော့ မြန်မာနိုင်ငံအခွန်နဲ့ပါတ်သတ်တာကိုလုပ်ကြမယ်
လို့တိုင်ပင်ကြတယ်။ သတင်းအချက် အလက်ရှာကြမယ်ဆိုတော့ တိကျတဲ့လုပ်ပုံလုပ်နည်း
ထုံးစံတွေမရှာနိုင်ခဲ့ဘူး။ ယုတ်စွအဆုံး နိုင်ငံသားတွေသိထားသင့်တဲ့ အခွန်ဆိုတာနဲ့
ပါတ်သတ်တဲ့လက်စွဲ စာအုပ်တို့ စာစောင်တို့ဆိုတာတောင် မေးမြန်းရှာဖွေဘို့ အတော့ကို
မလွယ်ကူခဲ့ဘူး။(ရရှိနိုင်တဲ့အတွင်းကျကျနေရာတွေထိတော့ မောင်ဒီးတို့လက်လှမ်း
မမှီခဲ့ပါဘူး)။ အဲဒါနဲ့ အတိုပြောရရင် အခွန်အကြောင်းမလုပ်တော့ဘူးဆိုပါတော့ဗျာ။
မသိတဲ့အခါကျတော့ ဘာကြောင့် ဘယ်လိုဘဲတောင်းတောင်း ပေးနေကြရတော့ပေါ့။
မပေးရင်ဘာဖြစ်မလဲ...ဘာမှတော့မဖြစ်ပါဘူး....အဲ..တစ်ခုခုလုပ်ချင်လို့ အခွန်ပြေစာ
ပြကြရမယ်ဆိုလာရင်တော့ ပေးကိုပေးကြရတော့မှာပေါ့။ အဲဒါတစ်နည်းအားဖြင့်
အကြပ်ကိုင်တယ်လို့ခေါ်တယ်။ အင်း ကိုယ်ဘာလုပ်ရမယ်၊ ကိုယ့်ရဲ့နိုင်ငံသား
တစ်ယောက်ရဲ့ရပိုင်ခွင့် အခွင့်အရေး၊ တာဝန်ဝတ္တရား စတာတွေ တိတိကျကျ
မရှိသေးသ၍ မသိသေး၊မဖော်ထုတ်နိုင်သေးသ၍ ကျွန်တော်တို့ အကြပ်ကိုင်တဲ့
စံနစ်အောက်မှာ နေကြရဦးမှာသေချာပါတယ်။
အဲဒါ...ဘယ်လောက်တောင်ကြာကြာနေရဦးမှာလဲ....

'DD''

ကမ္ဘာမြေငြိမ်းချမ်းပါစေ

Friday, January 19, 2007


လွန်ခဲ့တဲ့သီတင်းပါတ်က ကိုရွှေပေါက်ဖော်ကြီး (တရုတ်နိုင်ငံ)က မြေပြင်အထက်
မိုင်၅၀၀လောက်မှာလွှတ်တင်ထားတဲ့ နိုင်ငံပိုင်မိုးလေဝသဂြိုလ်တုတစ်လုံးကို
တာလတ်ပစ်ဒုံးကျည် နဲ့စမ်းသပ်ပစ်ခွဲခဲ့ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေး
ကောင်စီက နယူးရော့ခ်မှာရှိနေတဲ့ လက်ရှိ တရုတ်ကုလသံတမန်ကို တယ်လီဖုန်းကမေးမြန်း
ကြည့်တော့ “ဟင်...ဟုတ်လား ..သေချာလို့လား...မသိလိုက်ရပါလား”..ဘူးခံသွားသတဲ့။
တရုတ်နိုင်ငံခြားရေးဌာနကို ဖက်စ်ထိုး ဖုန်းဆက်နဲ့လှမ်းမေးတော့ ဘာအကြောင်း
ပြန်ချက်မှမရခဲ့ဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသူတွေထဲမှာ နိဟွန်ကြီး(ဂျပန်)နဲ့
သားပိုက်ကောင်(အော်စီ)တွေလည်းထိပ် ဆုံးကပါကြတာပေါ့။
(ဂျပန်ခမျာမှာတော့ မြောက်ကိုရီးယားက စမ်းရင်ကြောက်ရ တရုတ်ကဆော့ရင်ကြောက်ရနဲ့
မသာကာ ဂျပန်ဂြိုလ်တုတစ်လုံးကို ပစ်ပြီးမှ ဆောရီး မှားသွားလို့ပါ ပြောရင်
ဘယ်လိုလုပ်မလဲ...)။ အန်ကယ်ဆမ်ကတော့ ဒါဟာနိုင်ငံတကာက
မောင်းသူမဲ့ဘဲဖြစ်ဖြစ် လူပါတဲ့အာကာသယာဉ်တွေအတွက်ဖြစ်ဖြစ် အန္တရယ်ရှိတယ်တဲ့။
ပြီးတော့ US ကာကွယ်ရေးသုံး (ဆက်သွယ်ရေးနဲ့ထောက်လှမ်းစောင့်ကြပ်တဲ့)
ပတ်လမ်းနိမ့်ဂြိုလ်တုတွေရဲ့အားပျော့ချက်ကိုထုတ်ဖော်ပြသလိုက်သလိုလို့ဆိုကြပါတယ်။
(အဲဒီဂြိုလ်တုတွေကိုလွယ်လွယ်နဲ့မြေပြင်ကနေတိုက်ခိုက်လို့ရတယ်လို့ ပြသရာရောက်
တယ်လို့ ဆိုလိုတာထင်ပါတယ်။) သတင်း တစ်စကိုမျှဝေရင်းနဲ့မောင်ဒီးဆန္ဒပြောရရင်
နိုင်ငံအချင်းချင်း စစ်မက်ဆိုင်ရာအင်အားပြသမှုတွေကိုရှေ့တမ်းမတင်ဘဲ ကမ္ဘာကြီး
သာယာလှပဘို့ အငတ်ဘေးကလွတ်ဘို့ မတရားမှုတွေက ကင်းဝေးဘို့ ဝိုင်းဝန်းကူညီ
ကြရင်ဘယ်လောက်ကောင်းမလဲနော်။...ကမ္ဘာမြေငြိမ်းချမ်းပါစေ။

'DD'
ကိုးကား
http://www.guardian.co.uk/international/story/0,,1994236,00.html
http://www.bloomberg.com/apps/news?pid=20601087&sid=aQSEcxOJNoPI