မောင်ဒီး update

Sunday, December 24, 2006

မရေးဘူးမဖတ်ဘူးဆိုပေမယ့် မနေနိုင်ဘူး။ အိမ်မှာရှိတဲ့AccessKitလေးနဲ့ ဟိုဟိုဒီဒီ
ယောင်တောင်တောင်နဲ့ရောက်ခဲ့ပြန်ရော။ ရန်ကုန်မှာ အားလပ်ရက်တွေ အိပ်အိပ်စားစား
မောင်ဒီးမနေတတ်မထိုင်တတ်နဲ့။ (အားလပ်ရက်မတိုင်မီက မောင်ဒီးက မြန်မာပြည်မှာ
မနေဘူး...)
ဒီကနေ့ MICT Park သို့မဟုတ် Myanmar Info-Tech ကို မောင်ဒီးရောက်သွားတယ်။
Project ပြိုင်ပွဲဆိုလား ဈေးရောင်းပွဲဆိုလား အတော်လူစည်တာဘဲ။
ကျောင်းစိမ်းလေးတွေ လာပြိုင်ကြတာတွေ့တယ်။ ဘာတွေပြိုင်လဲတော့မသိဘူး။
မောင်ဒီးသူငယ်ချင်းတွေတွေ့တယ်။ သူတို့မပျော်ရွှင်ကြဘူးတဲ့။
အလုပ်မဖြစ်ဖြစ်အောင်လုပ်နေ
ကြရတယ်တဲ့။ (အလုပ်ဖြစ်တဲ့ အနည်းအကျဉ်း လူစုတော့ရှိတာပေါ့လေ။ တော်ကြသနော..)
၂နာရီလောက်ဟိုဟိုဒီဒီကြည့်ပြီးမောင်ဒီးပြန်လာခဲ့တယ်။

'DD'

Merry X'mas and Happy New Year'07

Tuesday, December 19, 2006

သူငယ်ချင်းတို့ မိတ်ဆွေတို့...
ဒီးဒုတ် X'mas အားလပ်ရက်တွေမှာ အသိုက်မြုံလေးထဲအိပ်နေမှာမို့လို့
ဘလော့ဂ်ရေးတာဖတ်တာ ခဏနားထားဦးမယ် ...
 
'DD'

သင်ခန်းစာ ၁၂/၂၀၀၅

Thursday, December 14, 2006

စကားမစပ်ပြောရဦးမယ်။.....
မောင်ဒီးကအိမ်ကိုစာပို့ပုဂ္ဂိုလ်ရောက်လာရင် ခပ်ကြောက်ကြောက်ဘဲ။ အထူးသဖြင့်
ရီဂျစ်စတာလုပ်ပြီး ခန့်ခန့်ထည်ထည် A4ဆိုဒ်လောက်ရှိတဲ့စာအိတ်တွေရောက်လာရင်
စာပို့ငနဲက လ္ဘက်ရည်ဘိုးမရရင်မပြန်ချင်ဘူး။ အထဲမှာ ဘာပါလဲသူသိတာမဟုတ်။
အများအားဖြင့် မောင်ဒီးရတဲ့အဲဒီလိုစာအိတ်ထူထူတွေက အလကားရတဲ့ စာစောင်တို့၊
သတင်းဂျာနယ်တို့များတယ်။ အဲ...ပိုကြောက်စရာကောင်းတာက ဘာစာအိတ်မှမပါဘဲ
ဖြတ်ပိုင်းပိစိလေးနဲ့ “စာတိုက်ကြီး စင်အမှတ် ဘယ်လောက်မှာ စာရောက်နေသည်
လူကိုယ်တိုင်လာရောက်ရွေးယူပါဆိုရင် စိတ်ကိုပျက်ကရောဘဲ”။ စာပို့လည်းအဲဒါမျိုး
လာပို့ရရင်သိတ်မကြည်ဘူး သူလ္ဘက်ရည်ဘိုးတောင်းလို့မရတော့ဘူးမှုတ်လား။
(ဧည့်ခန်းမှာခေါ်ပြီး လ္ဘက်ရည်ကောင်းကောင်းဖျော်တိုက်ရင်လည်းမကြိုက်ပြန်ဘူးဗျ)
ဒီအကြောင်းပြောမိသွားရတာကလည်း ဒါနဲ့ဆက်စပ်ပြီးတစ်ခုသတိရမိသွားတာနဲ့
ပြန်ရင်ဖွင့်ချင်တာလေးရှိလို့။
တရံရောအခါက မောင်ဒီးကိုလိပ်မူပြီး ပါဆယ်တစ်ခုရောက်တဲ့အကြောင်း စာတိုက်
ကနေ ဖြတ်ပိုင်းလေးရောက်လာတယ်။ (နိုင်ခြံဂါး...အဲလေ နိုင်ငံခြားက ပါဆယ်
လာရင် ဒီလိုဘဲရကြလေ့ရှိတယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ကမ်းနားလမ်း ထောင့်က
ဆက်သွယ်ရေးစာတိုက်ဌာနမှာ သွားထုတ်ရတယ်)။ အဲဒီတော့ မောင်ဒီးက ဘယ်သူ့
ဆီကလဲ ဘာတွေပို့လိုက်တာလဲပေါ့။ နိုင်ခြံဂါး ကလာတဲ့အထုတ်ဆိုတော့ စိတ်ဝင်
တစားဖြစ်ပြီး မနက်ခပ်စောစောထဲက သွား၊ ရောက်တော့ ဟိုမေးဒီမေးနဲ့ နာရီဝက်
လောက်ကြာတော့မှ ကိုယ်စာအိတ်ထုတ်ယူရမယ့်နေရာကိုရောက်သွားတယ်။
(သေချာချင်ရင် ရုံးဝန်ထမ်းတွေမေးတာထက် ပွဲစားလိုလို အကျိုးဆောင်လိုလို
ကိုမေးလိုက်တာ အဖြေချက်ချင်းရတယ်။ ပစ္စည်းထုတ်ပေးရမလား ဘာပို့ချင်လို့လဲ
စသဖြင့်သူတို့ဈေးခေါ်တာတော့ငြင်းပေါ့ဗျာ။) မောင်ဒီးကလဲ ပွဲစားအားမပေးချင်တာထက်
ကိုယ်တိုင်သိချင် လုပ်ချင်တာကြောင့် ကိုယ့်ဘာသာရွေးမယ်ပေါ့။ကောင်တာကိုရောက်တော့
အသက် ၄၀ ဝန်းကျင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတွေ့တယ်။ သူညွှန်ပြတဲ့နေရာမှာထိုင်စောင့်
ခိုင်းတာနဲ့ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်စောင့်တယ်။ ရှေ့မှာ တစ်ယောက်က နိုင်ငံခြားက
ပို့လိုက်တဲ့ဆေးတွေနဲ့တူတယ်...အဲဒါတွေထုတ်ဘို့ဈေးညှိနေတယ်။
ပစ္စည်းထုတ်ရင် ဈေးဖြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကဘယ်လောက်ကျတယ်ဆိုတာ
ဈေးဖြတ်ပေးတယ်။ အဲ...မောင်ဒီးအလှည့်ရောက်တော့ဖောင်တွေဟိုဖြည့်ဒီဖြည့် ဖြည့်
ပြီးတော့နိုင်ငံသားစိစစ်ရေးကဒ်လဲပြရတယ်။ နောက်တော့ မိနစ်၂၀လောက်စောင့်ရ
ပြန်ရော။မောင်ဒီးစိတ်မရှည်လို့မေးကြည့်တယ်။ အစ်မရယ်...ကျွန်တော်ယူလာတဲ့ဖြတ်ပိုင်း
မှာ “စင်အမှတ် ဘယ်လောက်မှာ ရှိတယ်ဆိုတာပါတယ်...အဲဒီမှာသွားယူလိုက်ရင်ရပြီ
မဟုတ်လား ဘယ်မှာသွားရှာနေရလို့ကြာတာလဲ” လို့လျှာသွားရှည်လိုက်မိတယ်။
စင်အမှတ်ပါတာက ပါတာဘဲ ဒီလိုဘဲရှာရတာကရှာရတာဘဲတဲ့...ကောင်းရော။
ဟော..စာအိတ်ထုတ်ယူလာပါပြီ။ စာအိတ်ကဖွင့်ကြည့်ထားပြီးသား။ ဝန်ထမ်းမိန်းမက
ပြောတယ်...စီဒီတွေပါတယ်တဲ့ စိစစ်ရေးတင်ရမယ်၊ ဟိုဘက်အဆောက်အဦးက
စိစစ်ရေးဌာနမှာ အစိစစ်သွားခံရမယ်တဲ့။ မောင်ဒီးနိုင်ငံသားကဒ်ကိုယူထားလိုက်ပြီး
အထုတ်ကိုသွား စိစစ်ခံခိုင်းတယ်။ အဲဒီတော့မှ မောင်ဒီ စီဒီတွေထုတ်ကြည့်မိတယ်။
ထုံးစံအတိုင်းပေါ့ အလကားရတဲ့ newsletter/free software တွေပါတဲ့ စီဒီနှစ်ချပ်နဲ့
ဆက်စပ်သတင်းစာစောင် ၂စောင်လောက်ပါတယ်။ အစ်မရယ် ဒါတွေက အလကား
ရတဲ့ ပညာရေးနဲ့ဆိုင်တဲ့အရာတွေပါဆိုတော့ “မလိုချင်ရင် မထုတ်တော့ဘူးဆိုတဲ့
အကြောင်း လက်မှတ်ထိုးပြီး ထားခဲ့လို့ရပါတယ်တဲ့” ခပ်ညင်းညင်းလေးပြန်ပြောသဗျ။
စိတ်တစ်ချက်ခုသွားပြီးတော့ ထားခဲ့လိုက်တော့မလို့ဘဲ။ (ဟုတ်တယ်လေ အဲဒါတွေက
တခြားမှာ ရှာရင်လဲ ရပါ့။)။ ဒါပေမယ့် ပို့ပေးတဲ့သူတွေကိုအားနာတာကြောင့် ထုတ်သွား
မယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ စိစစ်ရေးဆိုတဲ့နေရာရောက်သွားတယ်။ ပထမ
စားပွဲတစ်ခုမှာ စာရင်းသွင်းပြီး လက်မှတ်ထိုးရတယ်။ နောက်အတွင်းဘက်ခပ်ကျကျ
စားပွဲမှာ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တစ်ယောက်ထံသွားရတယ်။ ပုံပန်းကတော့ နေ့စဉ်အတော်
အသောက်ကျူးထားလို့ မျက်နှာခပ်နီအစ်အစ်ဘဲ။ ပစ္စည်းတွေကို တစ်ချက်ထုတ်ကြည့်
ပြီး ရှောရှောရှူရှူ လက်မှတ်ထိုးပေးတယ်။ စိတ်ထဲမှာတော့ ဒီဌာနဘယ်ဆိုးလို့လဲပေါ့လေ။
ဒါနဲ့ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်မယ်လုပ်တော့ အဲဒီပုဂ္ဂိုလ်က “နှစ်ရာကျတယ်”တဲ့။
(အဲဒီတုံးက လ္ဘက်ရည်တစ်ခွက် တစ်ရာလောက်ရှိမယ်ထင်တယ်)။ ကောင်းရောကွာ။
အဲဒါနဲ့ ခပ်မြန်မြန်နဲ့ထုတ်ပေးပြီး မူလဌာနဘက်ပြန်လာခဲ့တယ်။ စောစောကဝန်ထမ်း
အမျိုးသမီးကိုပြန်ပြ ပြီးနိုင်ငံသားကဒ်ပြန်ယူ။ ပြီးတော့ ဈေးနှုန်း(သူတို့အပြောအရတော့
custom duty အခွန်တဲ့) ဖြတ်ပေးတဲ့လူကိုတစ်ခါစောင့်ရပြန်တယ်။ ပြီးတော့ မလှမ်းမကမ်း
ကကောင်တာမှာ ငွေသွားသွင်းရတယ်။ ၇၀၀-၈၀၀ လောက်ကျတယ်ထင်တယ်။
အဲဒါနဲ့ မောင်ဒီးလျှာထပ်ရှည်ပြန်ရော။ အလကားရတဲ့ပစ္စည်းဘဲ ပညာရေးနဲ့သက်ဆိုင်တယ်
ပြီးတော့ စိစစ်ရေးကလည်း ကင်းလွတ်ပေးပြီးပြီ ဘာလို့ငွေသွင်းရတာလဲလို့မေးလိုက်တယ်။
ကောင်တာက အမျိုးသမီးနှစ်ယောက်က ဒီငကြောင်တော့ဘာလာကြောင်တာဘာလိမ့်
ဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ “များတယ်ထင်လို့လား၊ မကျေနပ်ရင် ဟိုဈေးဖြတ်တဲ့လူကို
သွားပြော”တဲ့။ မောင်ဒီးက များတယ်ထင်တာထက် ဘာလို့ငွေသွင်းရတာသိချင်တယ်။”
ဆိုတော့ တစ်ယောက်က နားမလည်ဘူးလား နိုင်ငံခြားကစာအိတ်တွေလာရင်ဒီလိုဘဲ
အခွန်ဆောင်ရတယ်တဲ့။ ပြီးတော့ သူ့ဘေးကနောက်တစ်ယောက်ဘက်ကြည့်လိုက်တယ်။
အဲသူ့ဘေးကတစ်ယောက်က “မဟုတ်ဘူး...နိုင်ငံခြားက ရီဂျစ်စတာလုပ်ထားတွေလာရင်
ဒီလိုအခွန်ဆောင်ရတယ်”တဲ့။ နောက်တစ်ယောက်ရှိသေးရင် နောက်အဖြေတစ်မျိုးထွက်
လာဦးမှာအသေအချာဘဲ။ ဘာဘဲဖြစ်ဖြစ် အောင့်သက်သက်နဲ့မောင်ဒီး ငွေသွင်းလိုက်တယ်။
ပြီးတော့ ကနဦး စာအိတ်ထုတ်ပေးတဲ့အမျိုးသမီးဆီမှာ ဖြတ်ပိုင်းပြပြီး ကိုယ့်အထုတ်ကိုယ်သွား
ထုတ်လိုက်တယ်။ နောက် တစ်ထောင်တန်နှစ်ရွက်ထုတ်လိုက်တယ်။ ပေါ်ပေါ်တင်တင်ဘဲ
စားပွဲပေါ်ကနေ အဲဒီအမျိုးသမီးကို ပေးလိုက်တယ်။ မငြင်းရှာပါဘူးကျေးဇူးတင်တဲ့
အကြည့်နဲ့ယူပြီး အံဆွဲထဲထည့်လိုက်တယ်။ မထင်မှတ်ဘဲနဲ့ရလိုက်တော့ သူမရဲ့အကြည့်က
“အစထဲက ဒီလိုပေးရင် ဒီလောက်ထိ ဟိုဟိုဒီဒီသွားစရာ ငွေသွင်းစရာ အချိန်ကြာစရာ
တွေမလိုပါဘူး” ဆိုတဲ့အဓိပ္ပါယ်တွေဆောင်နေသလိုပါဘဲ။
ဘာဘဲဖြစ်ဖြစ် မောင်ဒီကတော့ ငါ့ကိုစိတ်မချမ်းမြေ့အောင်လုပ်လဲ
ငါကမင်းတို့ကို စေတနာနဲ့ပေးနိုင်ပါတယ်ဆိုတဲ့ သဘောနဲ့ပါ။ သူမစိတ်ထဲမှာ ငါရစ်လိုက်တဲ့
သူက တောင်ငါ့ကို စေတနာထားနိုင်ရင် နောက်ပစ္စည်းလာထုတ်သူတွေကို စေတနာနဲ့
ဆောင်ရွက်ပေးရင် အကျိုးကျေးဇူးခံစားရနိုင်တယ်လို့ ခံစားမှုကလေး၊အသိလေးတစ်ချက်များ
ရသွားလေမလားရယ်ပေါ့။ ဒါမှမဟုတ်လဲ အူကြောင်ကြောင်ငနဲဆီက ဘာမဟုတ်တဲ့
စာအိတ်တစ်ခု အတွက် ငွေနှစ်ထောင် ရလိုက်တယ်ဆိုပြီး နောက်ပိုင်းဒီလိုဘဲ
ဆက်သွားနေမလား။
အင်း...မောင်ဒီးကတော့အူကြောင်ကြောင်နဲ့ဘဲ အဲဒီရုံးက ပြန်ထွက်လာခဲ့တယ်။
သေချာတာကတော့ နောက်ဆို ပို့သူဘယ်သူ ဘာတွေပို့လိုက်တယ် ကြိုတင်မသိရဘဲနဲ့တော့
ဘာတွေရောက်နေနေသွားမထုတ်တော့ပါလို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်ခင်ဗျား။

'DD'
စာကြွင်း။ ။ မောင်ဒီးသူငယ်ချင်း အဲဒီဝန်ကြီးဌာနက အရာရှိကို ကြုံလို့ပြောပြလိုက်တော့
ဟာသတစ်ခုလိုဘဲ သဘောကျရယ်မောပါတယ်။ နောင်ဒီလိုပစ္စည်းထုတ်ချင်ရင် သူတို့
ကို အကူအညီတောင်းရင် အခက်အခဲမရှိနိုင်ကြောင်း။ ဒါမှမဟုတ်လဲ ဆိုင်ရာဝန်ထမ်းကို
ငွေပေးလိုက်ရင် (သူတို့အခေါ် ရေလောင်းလိုက်ရင်) ခုလိုခက်ခဲမှာမဟုတ်တဲ့အကြောင်း
ပြောပါတယ်။ မောင်ဒီကတော့ အသေးအမွှားကိစ္စဖြစ်လို့ အကူအညီမလိုချင်ကြောင်း၊
ရေလောင်းဘို့ကတော့ ...နောင်လဲဒီလိုပစ္စည်းတွေကိုသွားမထုတ်တော့ကြောင်း၊
ပို့ပေးတဲ့သူတွေကိုလည်းနောင်မပို့နဲ့တော့လို့ပြောလိုက်ပြီလို့ ပြန်ပြောလိုက်ပါတယ်။
ပို့စ်ခေါင်းစဉ်ကတော့ ရဘူးတဲ့သင်ခန်းစာအရည်အတွက်က အတော်များလို့ ခပ်တည်တည်
နံပါတ်တပ်လိုက်တာ။

ကြော်ငြာကပေးတဲ့အသိ

Tuesday, December 12, 2006


မကြာသေးခင်ကတီဗွီမှာကြော်ငြာတစ်ခုကြည့်လိုက်ရတယ်။ အထပ်များစွာရှိတဲ့
ရုံးအဆောက်အဦးရဲ့အောက်ဆုံးထပ်ကဓါတ်လှေခါးမှာအမျိုးသမီးငယ်နှစ်ဦးရှိနေတယ်။
တစ်ဦးကဝတ်ကောင်းစားလှတွေနဲ့သန့်ရှင်းသပ်ရပ်ချောမောတယ်။ နောက်တစ်ဦးက
ခပ်လတ်လတ် အဝတ်အစားနဲ့သာမန်ရုပ်ရည်ကလေးပါဘဲ။ သူတို့နှစ်ယောက်ဓါတ်လှေခါး
အတွင်းကိုပြိုင်တူဆိုသလိုရောက်လာကြတယ်။ နှစ်ဦးစလုံးရုံးချိန်မှန်အောင်ရောက်ဘို့အတွက်ဆန္ဒစောနေကြပါတယ်။
ဓါတ်လှေခါးတက်ခါနီးတော့အလိုအလျောက်တံခါးစပိတ်နေချိန်မှာဘဲ ခပ်လှမ်းလှမ်းကနေလူငယ်တစ်ဦးအပြေးလာနေတာကိုနှစ်ဦးစလုံးမြင်ကြရတယ်။
အဲဒီမှာတင် လှပတဲ့သူက တံခါးပိတ်တဲ့ခလုတ်ကိုအမြန်လှမ်းနှိပ်လိုက်တယ်
(ဟိုလူငယ်အတွက်တံခါးပြန်ဖွင့်ပေးနေရင်အချိန်ကြာနေဦးမယ်ဆိုတဲ့အထင်နဲ့ပေါ့)။
တံခါးလုံးဝစေ့သွားပြီးတဲ့နောက်မှာဘဲ ပြန်ပွင့်လာတာနဲ့အနားရောက်နေပြီဖြစ်တဲ့လူငယ်က
အမြန်ဝင်လိုက်တယ်။ ချက်ချင်းဘဲ ခပ်လှလှအမျိုးသမီးကိုအလွန်ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်တယ်။
အဲဒီအချိန်မှာခပ်လှလှအမျိုးသမီးမျက်နှာမထားတတ်အောင်ဖြစ်သွားတယ်။ တကယ်တော့သူမ ပိတ်လိုက်တဲ့တံခါးကို ဟိုသာမာန်ရုပ်ရည်နဲ့မိန်းမငယ်ကပြန်ဖွင့်ပေးလိုက်လို့တံခါးပြန်ပွင့်သွားတာပါ။
ဟိုလူငယ်ကတော့လတ်တလောအမြင်နဲ့ ဥပဓိခပ်သန့်သန့်မိန်းကလေးကသာသူ့ကို
တံခါးပြန်ဖွင့်ပေးလိုက်တယ်လို့ကောက်ချက်ချပြီးအတင်းကြီးကိုကျေးဇူးတင်တော့တာကလား။
သာမန်ရုပ်ရည်နဲ့မိန်းကလေးကတော့မပွင့်တပွင့်ဘဲတစ်ချက်ပြုံးလိုက်ပါတယ်။ ပြီးတော့ကြော်ငြာက သူတို့ကုမ္ပဏီရဲ့ဝန်ဆောင်မှုကရိုးသားပြီးစိတ်ချယုံကြည်ရတဲ့အကြောင်း အပေါ်ယံကာမကြည့်ဘဲ
အတွင်းကျကျလာရောက်လေ့လာပြီး ဝန်ဆောင်မှုယူဘို့အကြောင်းပြောလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့နိစ္စဓူဝတွေ့မြင်နေရတဲ့ကိစ္စတွေမှာလည်း အပေါ်ယံတွေများပါတယ်။
ဒါကြောင့်လဲ လူလိမ်ခံရသူတွေဟာ စတိုင်ကျကျနဲ့လူတွေကသာအချီကြီးလိမ်သွားကြတာများတယ်မှုတ်လား။
ဘာဘဲဖြစ်ဖြစ် ဒီကြော်ငြာကပေးတဲ့အသိဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ သတိချပ်စရာတစ်ခုဖြစ်ပါတယ်။

'DD'

သူ့သဘောထား

Friday, December 08, 2006

ကိစ္စတစ်ခု ဟိုလူမလုပ်ရင်ပျင်းတာ။
ကိုယ်မလုပ်တာက အလုပ်များလို့။
ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့
ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။
ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာ၊
လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ်
တီထွင်ကြံဆပြီးလုပ်တတ်တာ။
ဟိုလူက သူ့အယူအဆနဲ့ကို အကြောက်အကန်ပြောနေရင်
အဲဒါ တစ်စောက်ကန်း တစ်ယူသန်။
ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ...

ဆရာ ဖေမြင့် ရေးတဲ့ စာဖတ်သမား၏မှတ်စုများ (ဩဂုတ် ၂၀၀၃)
စာအုပ်နောက်ကျောဖုံးကစာသားလေးကို ကူးယူဝေငှလိုက်တယ်။
ပို့စ်ခေါင်းစဉ်ကတော့ ကိုယ့်ဘာသာကိုယ်ပေးလိုက်တာ။

'DD'

ကောင်းကင်ဘုံက“ဘဲ”

Wednesday, December 06, 2006

လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်...မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ“ဘဲ”တွေသိပ်ပေါများတယ်...ဒါပေမယ့်...“ဘဲ”တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်“ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ”
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး “ကဲ...ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့”။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။“ဘဲ”မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။ စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်...“အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်...
“ရှင့်ကိစ္စကိုတော့မသိပါဘူး...ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ”
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။

ကဲ...နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ...ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ “ဘဲ”နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။

'DD'
အလုပ်တွေများနေတယ်။ မအားတဲ့ကြားက ရသလောက်လေးရေးတင်လိုက်တယ်။

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့

Thursday, November 30, 2006

WORLD AIDS DAY
1 DECEMBER 2006
STOP AIDS

ခွေးဖြူဇာတ်လမ်း

မေဒါဝီ ရဲ့ခွေးမလေးပုံပြင်ကအတော်ကောင်း.....။
အကြောင်းကြောင်းကြောင့်အသိတရားခေါင်းပါးနေကြသူများဟာအတော်ပြု
ပြင်ရခက်တယ်။တစ်ချို့ကြတော့ အသိခေါက်ခက်အဝင်နက် ဆိုသလို သိရဲ့သားနဲ့
မလုပ်သင့်တာတွေကိုလုပ်နေကြတယ်။
WhiteDog

ဒီးဒုတ်ကြည့်ဘူးတဲ့ “White Dog--ခွေးဖြူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းကျောရိုး
နည်းနည်းဆင်တယ်။ အဲဒီကားမှာ ခွေးဖြူတစ်ကောင် (ဝံပုလွေမျိုးရိုးပုံစံ၊ အကောင်က
အမွေးဖြူဆွတ်တယ်၊ ကြီးမားလွန်းပြီး အတော်လှတယ်) ဒဏ်ရာတွေနဲ့လမ်းပေါ်မှာ
လဲနေတာတွေ့တော့ ကောင်မလေးတစ်ယောက်က (နာမည်က “ခင်” ဆိုပါစို့) သနားပြီး
ကားပေါ်တင်ခေါ်လာတယ်။ ကုသပြုစုပေး၊ အစာတွေကျွေးလို့ ထူထူထောင်ထောင်ဖြစ်
လာတော့ သံယောဇဉ်ဖြစ်ပြီး “ခင်”က အိမ်မှာဘဲဆက်မွေးထားလိုက်တယ်။
အဲဒီမှာ ပြဿနာစတော့တာဘဲ။ “ခင်”ကလွဲလို့ကျန်တဲ့သူမှန်သမျှရန်မူတယ်။
ရန်မူတယ်ဆိုတာ ဟောင်ရုံ မာန်ဖီရုံလောက်မဟုတ်ဘူး။ အသေကိုက်သတ်မဲ့ပုံ။ “ခင်”ရဲ့
ချစ်သူနဲ့တောင် ဒီအတွက် ကတောက်ကဆ ဖြစ်ခဲ့တယ်။ နောင်ပိုင်းမှာ ခွေးဖြူ ညဖက်
အပြင်ထွက်ပြီး လူတွေလိုက်ကိုက်တယ်။ ကိုက်သမှ အတော် ပြင်းပြင်းထန်ထန်ကိုကိုက်တာ။
ခွေးဖြူရဲ့ ဒီလိုအပြုအမူကို “ခင်”မသိသေးဘူး။ ပါတ်ဝန်းကျင်ရဲ့အပြောကြောင့် ဒီခွေး
အတော်ဆိုးတယ်ဆိုတာလောက် အထိဘဲလက်ခံတယ်။ နောက်တော့ ခွေးဖြူရဲ့ပြဿနာက
လူမည်းတွေ(အသားမည်းသူ)ကိုဘဲ အသေကိုက်ချင်စိတ်ရှိတယ်ဆိုတာရိပ်မိလာတယ်။
အဲဒီတော့ နာမည်ကြီး တိရိစ္ဆာန်ထိန်းကျောင်းပေးတဲ့နေရာမှာသွားအပ်လိုက်ရတယ်။
အဲဒီကျောင်းက အတော်ဆုံးထိန်ကျောင်းသင်ကြားပေးတဲ့ဆရာက ခြင်္သေ့တွေ၊ ကျားတွေလို
တောရိုင်းတိရိစ္ဆာန်တွေကိုတောင်မှလိမ္မာယဉ်ကျေးလာအောင်သင်ပေးနိုင်တဲ့ကျွမ်းကျင်
ဆရာဖြစ်တယ်။ “ခင်”ဟာသံယောဇဉ်ကြီးလှတဲ့အတွက် ဆရာနဲ့ပေါင်းပြီးလိုအပ်သမျှ
ခွေးဖြူလိမ္မာလာစေရေးအတွက်ကြိုးစားခဲ့တယ်။ (အဲဒီအချိန်မှာ ခွေးဖြူကိုလှောင်အိမ်ထဲမှာ
ထည့်သွင်းလေ့ကျင့်ရတယ်။ လှောင်အိမ်အပြင်ထုတ် တာနဲ့ အသားမည်းတဲ့ဆရာ
(လူမည်း)ကိုကိုက် တော့တာဘဲ။ သေချာတာက သေအောင်အထိကိုက်မှာပါဘဲ) ။
နဂိုကတည်းက တိရိစ္ဆာန်တွေကို စိတ်အားထက်သန်သင်ကြားလာခဲ့တဲ့ဆရာဟာ
နည်းမျိုးစုံသုံးပြီး ခွေးဖြူကို အတော်ခက်ခက်ခဲခဲသင်ခဲ့ရတယ်။ ဥပမာ ဆရာက ခန္ဓာကိုယ်မှာ
သားရေအဝတ်ထူထူတွေဝတ်ပြီး သူ့စိတ်ကြိုက် သူမောလာပြီးမကိုက်နိုင် တော့တဲ့အထိ
အကိုက်ခံတယ် ပြီးမှသူကို အစာကျွေးရင်း မေတ္တာနဲ့ပွတ်သပ် ပေးတယ်။ အဲဒီနည်းဟာ
အတော်ထိရောက်တယ်။ တစစနဲ့ဆရာနဲ့ခွေးဖြူ ကြားမှာ ယုံကြည်မှုရလာတယ်။
“ခင်”လည်းအတော်ဝမ်းမြောက်တယ်။ အဲဒီတော့ လှောင်အိမ်အပြန်ထုတ်တော့မယ်လို့
ဆုံးဖြတ်လိုက်ကြတယ်။ လှောင်အိမ်အပြင်ထုတ်မဲ့နေ့မှာ လူစုံတက်စုံလာကြတယ်။
ဆရာ၊ “ခင်” နဲ့ သင်တန်းကျောင်းကလူတွေရယ်ပေါ့။ ရှောရှောရှူရှူပါဘဲ ခွေးဖြူ အမှီးရမ်း
ပြီးထွက်လာတယ်။ လူတွေဝမ်းသာကြတယ်။ စကားတွေပြောနေကြရင်းနဲ့ ခွေးဖြူကိုတောင်မေ့နေလိုက်ကြတာ…..မကြာခင်ဘဲလူတစ်ယောက်က
အလန့်တကြားအော်လို့လှည့်ကြည့်လိုက်တော့….ခွေးဖြူဟာသွားရည်တမြား
မြား အစွယ်တွေအဖွေးသားနဲ့ အပီအပြင် အသေကိုက်သတ်တော့မယ့်ပုံဘဲ။
ဆရာကသိလိုက်တယ။် ခွေးဖြူရဲ့ဦးတည်ချက်က တစ်ဦးတည်း
သော လူမည်း ဖြစ်တဲ့သူ့ကိုဘဲဆိုတာကိုပေါ့။ အသင့်ဆောင်ယူလာတဲ့ ပစ္စတို
သေနတ်ထုတ်ပြီး သူ့ဆီကိုတဟုန်တိုးပြေးဝင်လာတဲ့ ခွေးဖြူကို ပစ်လိုက်
တယ်။ နေရာမှာတင် ဆရာရဲ့မျက်နှာကို စိုက်ကြည့်နေရင်း ခွေးဖြူ အသက်
ထွက်သွားတယ်။
တကယ်တော့ခွေးဖြူဟာ လူမည်း(နီဂရိုး)တွေကိုတွေ့ရင် မုန်းတီးပြီး ကိုက်
သတ်အောင် မွေးကာစ ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားတဲ့
ခွေးတစ်ကောင်ဖြစ်နေခဲ့တယ်။ (အဲဒီတုံးက သူတို့နိုင်ငံတွေမှာ လူမျိုးရေး၊
အသားအရောင်းခွဲခြားမှုတွေ ပြင်းထန်နေတုံးဖြစ်တယ်။)။ ဒီးဒုတ်တို့နိုင်ငံမှာ
လည်း လူခွေးတွေအများကြီးရှိနေတယ်။ သူတို့ဟာ အမှားအမှန်မခွဲခြား
တတ်လို့လား၊ ငယ်ငယ်ကတည်းက ကျုံးသွင်းလေ့ကျင့်ပေးခြင်းခံခဲ့ရလို့လား၊
အကိုက်ကြမ်းကြတယ်။ သင်ကော လူခွေးတွေအကိုက်ခံဘူးသလား။

'DD'
ဇာတ်ကားကတော့ *ဒီဟာ* ပါ။
လွန်ခဲ့တဲ့ ၆-၇နှစ်လောက်ကတည်းကကြည့်ဘူးတာဆိုတော့ မေ့နေပြီ။
သတိရသလောက် အဆင်ပြေသလိုပြန်ရေးလိုက်တယ်။

အော်ချင်လို့.....အော်ချင်လို့

မနက်ဖြန် ဒီဇင်ဘာ ၁ရက်နေ့မှာထွက်ရှိမယ်ဆိုတဲ့ အကျော်အခွ အသုံးချဆော့ဖ်ဝဲလ်
အကြောင်းပါ။ နာမည်က *ဆိုင်ဖွန်*တဲ့။ ကုဒ်ကိုပွင့်ပွင်းလင်းလင်းပေးထားတဲ့ opensource အမျိုးအစားပါ။ ဘယ်လိုရေးသားထားတယ်...ဘယ်လိုလုပ်ဆောင်မှုတွေ
ရှိတယ်ဆိုတာကြည့်ရှုလေ့လာပြီး...စိတ်ဝင်စားရင်ကိုယ့်ဘာသာတောင်လေ့လာ
တီထွင်ရေးသားနိုင်အောင် source code ပါရနိုင်ပါတယ်။ငယ်ငယ်တုံးကသိပ္ပံမှာသင်ဘူးတဲ့ ရေသွယ်ယူတဲ့နည်းစံနစ်တစ်ခုအကြောင်းမှတ်မိဦးမှာပေါ့။အတားအဆီးတစ်ခုကို
ကျော်ခွပြီးရေသွယ်ယူတာလေ...။အဲဒီသဘောနဲ့ဒီနာမည်ကိုပေးထားတယ်ထင်ရဲ့။
*တိုရွန်းတိုမြို့သားများဓါတ်ခွဲခန်း*က ကွန်ပျူတာဂုရုတွေပေါင်းပြီးကလိလိုက်တဲ့ ဆိုင်ဖွန်ဟာဝဘ်ဆိုဒ်တွေကိုအတားအဆီးမဲ့ကျော်ခွပေးပါမယ်တဲ့။ အသုံးပြုနေစဉ်မှာ ချိတ်ဆက်မှုကို(ကုဒ်စကားဝှက်)Encryptလုပ်ထားမဲ့အတွက်ကြောင့်ခြေရာခံဘို့
ခက်ခဲလိမ့်မယ်လို့ဆိုထားပါတယ်။ကဲ...ဆိုင်ဖွန်ဘယ်လိုကျော်မယ်ခွမယ်ဆိုတာ
ကြည့်ကြဦးစို့လို့အော်လိုက်ရကြောင်းပါ။


'DD'

ဘလော့ဂါအသစ်

Wednesday, November 29, 2006

*ရေသည်မရဲ့စိတ္တဇအတွေး* ဆိုတဲ့ဘလော့ဂ်တစ်ခုကိုမျက်စိလည်ပြီးရောက်သွားတယ်။
(ဘယ်လိုရောက်သွားမှန်းတောင်မမှတ်မိတော့ဘူးဗျ။)။ စာရေးသူနာမည်ကတော့ အဲဒီဘလော့ဂ်ရောက်မှဘဲသွားကြည့်တော့ဗျာ။ *အဖွင့်ပို့စ်လေး* ကတချို့စာသားလေးတွေသဘောကျမိရဲ့။


“....အခန်းတခန်းရလိုက်တယ်ဆိုတာနဲ့ပဲ သောက်ရေအိုးလေးတစ်လုံးပြေးဝယ်ပြီး
ရေလေးဖြည့်ရေအိုးဖုံးလေးနဲ့ ရေခွက်လေးထားလို့ဝင်ရောက်လာသူတွေကို
အမောပြေလေးသုံးဆောင်နိုင်အောင်ထားပေးထားပါမယ်ပေါ့လေ။ ဝင်ရောက်လည်သူအပေါင်းအမောပြေစေဖို့အတွက်ပေါ့။....”

အင်း...နောက်တစ်ခုကတော့စီဘောက်စ်ခေါင်းစီး....ပေးထားတဲ့နာမည်ကကြည့်...
“ရှင်းရှင်းနဲ့ဘွင်းဘွင်း ဖြဲကြစတမ်း” တဲ့။ ဘယ်လောက်ခွန်အားရှိလိုက်တဲ့နာမည်လဲ။


“ဖြဲ”တယ်ဆိုတာ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမယ် လို့အဓိပ္ပါယ်ရတဲ့ကာလပေါ်စကားပါ။ (အခြားလျှောက်မတွေးနေနဲ့ဦးနော်....)


'DD'

တည့်တည့်မတ်မတ်မထိုင်ကြပါနဲ့

Tuesday, November 28, 2006

မောင်ဒီးငယ်ငယ်က လူကြီးတွေဆုံးမတာ ခါးမတ်မတ်ထိုင်ရမယ်တဲ့။ ခုတော့ ပညာရှင်ဆိုသူတွေက ပြောကြပြန်ပါပြီ။ မတ်မတ်ထိုင်တာ ခါးအတွက်ဥပါဒ် ရှိတယ်ဆိုဘဲ။ စကော့နဲ့ ကနေဒီယန် သုတေသီတွေ MRI ပုံဖော်စက်သုံးပြီး လေ့လာတွေ့ရှိချက်အရ မတ်မတ်ထိုင်တာ (ကြာရင်) ဒဏ်ဖြစ်စေသတဲ့။ အကောင်းဆုံး အနေအထားက ၁၃၅ ဒီဂရီလောက် နောက်ကိုမှီပြီးထိုင်သင့်တယ်ဆိုရဲ့။ ပညာရှင်တွေဆိုသေးတာက ထိုင်ခြင်းဟာ ခါးနာခြင်းကိုဖြစ်စေပါသတဲ့။ သီချင်းထဲကလို “ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး” လို့မဆိုနိုင်တော့ဘဲ “ထိုင်နေလို့တော့ ခါးကလက်မခံဘူး” လို့ပြောင်းဆိုသင့်တာပေါ့နော်။ အင်္ဂလိပ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (BSA- British Chiropractic Asso. ခန္ဓာကိုယ်ပုံသဏ္ဌာန်ဆိုင်ရာကုထုံးရေးရာအဖွဲ့ အစည်း လို့ဆိုရမလားမသိဘူး ) ကတော့ လူ၃၀ရာနှုံးလောက်ဟာ တစ်နေ့ ၁၀နာရီထက်ပိုပြီး ထိုင်ကြတယ်တဲ့။ အဲဒီ၃၀ရာနှုံးရဲ့ထက်ဝက်က နေ့လည်စာတောင်ထမစားကြဘူးတဲ့ဗျ။ “ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေဟာ ထိုင်နေဘို့ ပုံစံထုတ်ထားတာမဟုတ်ဘူး” လို့ BSA က “ရီရှီ” ဆိုသူကဆိုပြန်တယ်။ ထိုင်ခုံနောက်မှီတွေက ၁၃၅ဒီဂရီမှီထိုင်ဘို့ မလွယ်ကူဘူး ၁၂၀ သို့မဟုတ် ၁၂၀ခပ်လျော့လျော့လောက်ထိုင်တာ ပိုကောင်းတယ်လို့ပြောပြန်ရော။




Source: BBC

ဒီသုတေသီတွေက ပရိဘောဂဆိုင်တွေ အလုပ်ဖြစ်အောင်လုပ်နေပြန်ပြီနဲ့တူတယ်နော်။ အိမ်ကခုံအဟောင်းတွေပစ်ပြီး နောက်မှီ ခပ်လျှောလျှောခုံတွေထပ်ဝယ်ရမလိုဖြစ်နေပြန်ပါပြီ။ ဘာဘဲဖြစ်ဖြစ် အထိုင်များတဲ့သူတွေ ချင့်ချိန်ပြုပြင်ဘို့ စဉ်းစားရမယ့်ကိစ္စဆိုတော့မျှဝေလိုက်ပါတယ်။ အသေးစိတ်မူရင်းကိုတော့ *ဒီမှာ*ဖတ်။ အင်း...ခါးညောင်းလာပြန်ပြီ...လမ်းခဏတော့ ထလျှောက်ဦးမှ။




'DD'

ကြောက်/ရှက်တတ်သူများမကြည့်ရ

ဝိဉာဉ်မိန်းကလေးတဲ့။ ကနေဒါ-တိုရွန်းတိုးမြို့ကအိမ်အိုဟောင်းကြီးထဲမှာ ဗွီဒီယို ရိုက်နေရင်း ပေါ်လာတာ ရိုက်နေတဲ့သူတောင်ကြောက်လန့်ပြီးထွက်ပြေးရတယ်။ ဂူဂယ်လ်ဗွီဒီယို *ဒီလင့်မှာ* တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ် အောက်က embedded video ကတော့ page လေးတတ်တဲ့အတွက်မကြာခင်ပြန်ဖျက်ဘို့စဉ်းစားထားတယ်။


*ရွစိကြက်မကြီးအက*
တကိုယ်ရေ အပျိုကြီးများ အနှီကဲ့သို့အပျင်းဖြေနိုင်ကြပါသည်။ ခွိ...ခွိ...


နောက်...*ဒီလင့်ခ်တစ်ခု*က လက်အရိပ်ပြပွဲတဲ့ ညစ်ညမ်းတဲ့အပြုအမူပေမယ့် ဟာသမြောက်လှပါတယ်။ အတော်လည်းပေါက်တီးပေါက်ရှာနိုင်ကြပါရဲ့။


'DD'

နိဗ္ဗာန်နဲ့ငရဲ

Monday, November 27, 2006

တနေ့မှာသူတော်စင်ဆိုသူက ဘုရားသခင်ကိုဒီလိုလျှောက်တင်သတဲ့...“အရှင် ကျွန်တော်မျိုး နိဗ္ဗာန် နဲ့ ငရဲ ဘာတွေလဲဆိုတာ သိမြင်ချင်စမ်းပါဘိ”
ဘုရားသခင်က “ကောင်းပြီ..ငါ့နောက်ကလိုက်ခဲ့” ပေါ့..
ရှေ့ဆောင်ခေါ်သွားတဲ့နေရာမှာ တံခါးနှစ်ပေါက်(အခန်းနှစ်ခန်း) ရှိသတဲ့။သူတော်စင်က
သိလိုစိတ်နဲ့ ပထမတံခါးပေါက်ကို အသာဖွင့်ကြည့်လိုက်တယ်။ အခန်းရဲ့အလည်မှာ
စားပွဲဝိုင်းကြီး တစ်ခုရှိတယ်။ စားပွဲဝိုင်းအလည်မှာတော့ အငွေ့တထောင်းထောင်းနဲ့
အရသာရှိလှတဲ့ ဟင်းလျာအိုးကြီး....။မွှေးကြိုင်လွန်းလိုက်တာ...သူတော်စင်တောင်မှ
သွားရည်တများများနဲ့ပေါ့။ စားပွဲပါတ်လည်ထိုင်နေကြတဲ့လူတွေကတော့ချည့်နဲ့
ပိန်လှီပြီးတော့ မကျန်းမာတဲ့ပုံပေါက်နေကြတယ်။ သူတို့အားလုံးမှာ ဇွန်းတွေရှိကြတယ်။
ဒါပေမယ့်ဇွန်းလက်ကိုင်တွေက ရှည်လျားလွန်းပြီးတော့ လက်တွေမှာ
အသေချည်ထားတယ်။ အဲဒီတော့ ဟင်းကိုခပ်လို့ရတာတောင် ဇွန်းကို ပါးစပ်နားရောက်
အောင်မပို့နိုင်ကြတော့ဘူးပေါ့။ သူတော်စင်ဟာ အနိဌာရုံမြင်ရတာ တုန်လှုပ်မိသတဲ့။
“ကျွန်တော်မျိုး ငရဲကိုသဘောပေါက်သွားပြီ” လို့လျောက်သတဲ့။
အဲဒီလိုနဲ့ နိဗ္ဗာန်ကိုသိဘို့နောက်တစ်ခန်းရဲ့တံခါးပေါက်ကိုဖွင့်ကြည့်ပြန်တယ်။
ပထမအခန်းထဲက အခင်းအကျင်းနဲ့ပုံစံတူတူဘဲ။ သွားရည်ကျလာအောင် မွှေးကြိုင်တဲ့
ဟင်းလျာအိုးကို စားပွဲဝိုင်းကြီးအလည်မှာတည်ခင်းထားတယ်။ပါတ်ပါတ်လည်ထိုင်နေ
သူတွေမှာလည်း လက်ကိုင်ရိုးရှည်လျားလှတဲ့ဇွန်းတွေအသေချည်နှောင်ပေးထားတယ်။
ဒါပေမယ့် သူတို့တွေကတော့ အာဟာရကောင်းစွာရကြပုံနဲ့အုတ်အုတ်ကြွက်ကြွက်
ပျော်ရွှင်ရယ်မောပြီး စကားတပြောပြောနဲ့တဲ့။
သူတော်စင်က ဒီတခါတော့ “ကျွန်တော်မျိုး နားမလည်ပါလို့” လျောက်သတဲ့။
ဘုရားသခင်ကပြောသတဲ့..“ဒါကတော့ရိုးရိုးရှင်းရှင်းလေးပါ...ဒီအခန်းထဲလူတွေက
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကျွေးရမယ်ဆိုတာကို သိရှိကြတယ်”
လို့ပြောလိုက်သတဲ့။
----------------------------------------------------------------------------------
ရေးသူက အမည်မသိဖြစ်ပြီး ဖတ်အပြီးမှာ ဒီးဒုတ်ကတော့ လောကရဲ့
နိဗ္ဗာန်နဲ့ငရဲကိုအတိုင်းအတာတစ်ခုအထိဖော်ကျူးထားတာသတိပြုမိပါတယ်။ လက်ရှိ
ဒီးဒုတ်တို့ပါတ်ဝန်းကျင်မှာလည်း အတ္တကြီးပြီးအမှောင်ဖုံးနေသူများ။ ငါကလွဲပြီး
ဘယ်သူကိုမှ အရာမထင်သူများဟာ လောကငရဲထဲ အရှင်ရောက်နေသူတွေပါဘဲ။

'DD'

ဒီးဒုတ်အကြိုက်ဝဘ်ဆိုဒ်

Sunday, November 26, 2006

သတိပေးကြေငြာချက် ဆိုင်းဘော့ဒ်လေးလုပ်ချင်ရင် *ဒီဆိုဒ်* ကဝန်ဆောင်မှုပေးနေတယ်။ အခမဲ့ပါ။
ဒီးဒုတ်စမ်းကြည့်တဲ့ ဥပမာလေးက အောက်မှာ....

'DD'

ချုံပုတ်အကြောင်း...

*ငါဆိုတဲ့သီချင်း* က အော်သံများ criers.blogspot.com ရဲ့ဘလော့ဂ်အသစ်ထင်ပါတယ်။ သူ့ကဗျာလေးဖတ်ကြည့်ပါ။ တကယ့် Ironic ဘဲဗျာ။ အတော်ရယ်မိတယ်။ ပြောင်မြောက်အောင်ဖွဲ့နိုင်ပါတယ်။ ...
..............
........

ရွှေပြည်ကြီးလို
ကော်ပီခွေ ရှိလား၊ ကော်ပီခွေတွေကြောင့် စိတ်ညစ်နေတဲ့ ကော်ပီဆိုသူ ရှိလား၊
လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ ဆိုင်းဘော့ဒ် ရှိလား၊
ကျူရှင်ကြောင်ငြာ ရှိလား၊ ဒို့တာဝန်အရေးသုံးပါး ရှိလား၊
အပွင့်တွေ ရှိလား၊ မော်တော်ပီကယ်ရှိလား၊
လိုင်းကားစီးတဲ့အခါ
ခရီးသယ်တွေအတွက် အော်ကြီးဟစ်ကျယ် ဂရုစိုက်ပေးရှာမယ့်
ကားစပယ်ယာဆိုတာ ရှိလား
တွန်းတွန်းတိုက်တိုက် ယဉ်ကျေးမှု ရှိလား၊
ရာဇ၀င် ရှိလား၊ ပုဂံရှိလား၊
သီပေါမင်း ရှိလား၊ (အဲဒီမင်းဆက်ကို ဆက်ခံတဲ့)ေ-ာက်ပေါမင်း ရှိလား

...........................
..............
အပြည့်အစုံကိုတော့ *ဒီမှာ* သွားဖတ်ကြဗျာ။

'DD'

တမ်းပလိတ် အသစ်

Saturday, November 25, 2006

မောင်ဒီးဒုတ် တမ်းပလိတ်လေး ပြင်လိုက်တယ်။ (အားအားယားယား)။ မျက်စိ၊ ခါး၊ လက် အတော်ညောင်းသွားတယ်။

အမြင်မတော်တာရှိရင် ဝေဘန်ပြုပြင် အကြံဥာဏ်ပေးကြပါဦး။


Happy Weekend!
'DD'

ကျွန်တော်သိသော ဆရာမောင်သာနိုး

Thursday, November 23, 2006

လွန်ခဲ့တဲ့နှစ်အတော်ကြာက ကျွန်တော်အင်္ဂလိပ်စာလေ့လာတော့ ရန်ကုန် မောင်ထော်လေးလမ်းက ဆရာဦးသာနိုးရဲ့ သင်တန်းမှာတက်ရောက်ခဲ့ဘူးပါတယ်။ အခြေခံသင်တန်းမှာ လူပြည့်နေလို့စာရင်းသွင်းလို့မရပါဘူး။ လစဉ်ကြေးမများလှတဲ့ဆရာ့အတန်းတွေမှာအမြဲလူပြည့်နေတတ်လို့ အချိန်အတော်စောစောထဲကကြိုတင်စာရင်းသွင်းနိုင်ကာမှတော်ကာကျတာကလား။
အဲဒီတုံးက အလယ်အလတ်အဆင့် Intermediate မှာ စာရင်းသွင်းခွင့်ရပါတယ်။
ဒါပေမယ့် ခုံနေရာမရလို့ နောက်ဆုံးတန်းထောင့်နားကသစ်သားသေတ္တာလေးပေါ်မှာ
ထိုင်ပြီးသင်ယူခဲ့ရပါတယ်။ (ဆရာ့ကျောင်းမှာ ကိုယ့်ခုံနံပါတ်နဲ့ကိုယ်ထိုင်ကြရပါတယ်) အင်္ဂလိပ်စာကို စကားပြေပုံစံတွေ၊ ကဗျာတွေသင်ကြားပါတယ်။ ဆရာ့ရဲ့သင်ကြားမှုစာစဉ်မှာ ထူးခြားတာက Yangon ရန်ဂုံလို့မပေါင်းဘဲ Yankoun ရန်ကုန်လို့ပေါင်းထားတာ စာမျက်နှာတွေရဲ့ Header သို့ Footer မှာတွေ့ရပါတယ်။ ဆရာပြောနေကြ Well...well..well...ဆိုတဲ့ (Nasal နှာခေါင်းသံပါတဲ့) ဆရာ့အသံကို မမေ့သေးပါဘူး။ အပါတ်စဉ်တိုင်း လေ့ကျင့်ခန်းတွေလုပ်ပြီး ဆရာ့ဆီမှာတင်ရပါတယ်။ လေ့ကျင့်ခန်းစာအုပ်တွေဆရာစစ်ပြီးချိန်မှာ ကျွန်တော့်ရလာဒ်တွေက တခါတရံ လှပပေမယ့် များသောအားဖြင့် မှင်နီတွေပြည့်နေတတ်ပါတယ်။ မှတ်မိနေသေးတာက လေ့ကျင့်ခန်းတစ်ခု ကျွန်တော်ဖြေတာ တော်တော်မှားသွားတော့ “ဒီလောက်သင်ထားရဲ့သားနဲ့ ဒီလောက်တောင်မှားရသလား” ဆိုပြီးစာအုပ်မှာရေးမှတ်ပေးထားခဲ့ဘူးပါတယ်။ စာသင်နေရင်းနဲ့ဆရာဟာ လူတွေရဲ့ လူမှုဘဝအဆင်မပြေမှုတွေကိုအခါအားလျော်စွာပြောပြတတ်ပါသေးတယ်။ ဆရာ့ရဲ့ “ထင်းရူးပင်ရိပ်ကဗျာများ” စာအုပ်ဟာ လူငယ်တွေကြားမှာ (အထူးသဖြင့် လူငယ်ကဗျာပိုးတွေကြားမှာ)ရေပန်းစားပါတယ်။ အခု *ဧရာဝတီ*မှာ ဆရာကြီးဦးတင်မိုးရေးတဲ့ " မောင်သာနိုး (သို့မဟုတ်) အဖြီးအဖြန်း မကြိုက်သူ" စာကိုဖတ်ရမှ ဆရာ့အကြောင်းတွေ ပိုသိလာရပါတယ်။ အချို့ကူးယူဖော်ပြရရင်...



"အဲဒါဟာ မန်းတက္ကသိုလ် ကျောင်းသားခေါင်းဆောင် နာမည်ကျော် မောင်သာနိုးရဲ့ ရုပ်ပုံလွှာပါပဲ။ အင်္ဂလိပ်စာတတ်တယ်၊ သတ္တိဗျတ္တိရှိတယ်။ မဟုတ်မခံ တော်လှန်ရဲတဲ့စိတ် ရှိတယ်လို့ နာမည်ကြီးတယ်။"



"ကျွန်တော်တို့ သူ့အခန်းထဲဝင်သွားတော့ စာကူးစက်တလုံးနဲ့ သူက `Fighting Peacock´ဆိုတဲ့ အင်္ဂလိပ်လို နံရံကပ်စာစောင် ရေးနေတုန်း။"

"၁၉၆၇ အင်းစိန်ထောင်က နောက်ဆုံးလွတ်ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာတန်း တက်ပါတယ်။ ကျူတိုရီယယ် သင်တန်းတွေကအစ တချိန်မှ အလွတ်မခံ၊ မှန်မှန်ကျောင်းတက်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ အတန်းခန်းထဲမှာ ဆရာ ဆရာမက စာမေးရင် ကလေးငယ်တယောက်လို လက်ညှိုးးထောင်ပြီး စာဖြေပါတယ်။ မာန်မာန လုံးဝမရှိပါဘူး။"


စိတ်ဝင်စားစရာကောင်းတဲ့ဆရာ့အကြောင်းကို *ဒီမှာ* ဖတ်လို့ရပါတယ်။
ခေါင်းစဉ်က ဆရာကြီးဦးတင်မိုးရဲ့ခေါင်းစဉ်ပါ။

'DD'

ဒီးဒုတ်အကြိုက်ဝဘ်ဆိုဒ်

Monday, November 20, 2006

ဒီ Musicovery.com ဆိုတဲ့ဆိုဒ်ရဲ့ အိုင်ဒီယာလေး
တော်တော်ကြိုက်တယ်။ ဘာလို့များ ဒီလောက်တောင်
ဖန်တီးတတ်ကြတာလဲ....။
(လင့်ခ်မျှဝေလိုက်ပါတယ်။)


'DD'

A good video to watch

Friday, November 17, 2006

Stephen Hawking's Universe 03
ခေတ်သစ်သိပ္ပံပညာတွေရဲ့ စင်္ကြာဝဠာကိုရှာဖွေတဲ့ကိစ္စနဲ့ဆက်စပ်တဲ့ဗွီဒီယိုအပိုင်းတွေ...
၅၅မိနစ်ကျော်ကြာတယ်ဗျ...ကျွန်တော်လည်းပြီးအောင်တော့မကြည့်ရသေးပါဘူး..
အချိန်ပေးပြီးပြန်ကြည့်ရမယ်....ဒီမှာ နဲ့ ဒီမှာ


'DD'

ရေနံ၊စွမ်းအင် နဲ့သတိပြုစရာ

Thursday, November 16, 2006

ယခင်ကထက်ပိုပြီး ယခုမျက်မှောက်အချိန်မှာ အဆောတလျှင်ရှင်းလင်းဖြေကြားရမှာက
“သဘာဝတရားကြီးနဲ့ ငြိမ်းချမ်းရေးရဘို့ နိုင်ငံရေးဗျူဟာတွေမရှိသေးတာရယ်
ရေရှည်မလုပ်ဆောင်ခဲ့တဲ့ မပေးဆပ်ခဲ့တဲ့ကိစ္စတွေဟာ ဘာကြောင့်လဲ” ဆိုတာဘဲဖြစ်ပါတယ်။
ဒေါက်တာ ဟာမန်းရှီရာ

တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာရတာနဲ့အမျှ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ရာသီဥတု
ပျက်ရွင်းမှုဟာ အရေးပေါ်အခြေအနေနဲ့တွေ့ကြုံနေရတယ်။
အဲဒီတော့ “အဆောတလျှင်ဖြေရှင်းလုပ်ဆောင်ရမှာက ဖြစ်လာနိုင်တဲ့အကျိုးဆက်
ဆိုးရွားမှုတွေကိုသိဘို့ နဲ့ ကမ္ဘာကြီးအပူချိန်ကိုလျော့နည်းလာစေရန် တစ်ကမ္ဘာလုံး
အတိုင်းအတာနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုသိသိသာသာလျှော့ချပြစ်ဘို့”
..ဖြစ်ပါတယ်။
အယ်လ်ဂိုး

အထက်ကစာကြောင်းတွေက သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေထုတ်ယူသုံးစွဲမှုပြီးတော့ ဖြစ်လာမယ့်ဆိုးကျိုးတွေကို အချို့ပုဂ္ဂိုလ်များကသတိပေးထားတဲ့စကားများဖြစ်ပါတယ်။ သဘာဝသယံဇာတတွေထဲမှာ ရေနံဟာအဓိကအကျဆုံးသော စွမ်းအင်ကုန်ကြမ်းသယံဇာတတစ်မျိုးဖြစ်ပါတယ်။ (ဆက်စပ်နေတဲ့ သဘာဝဓါတ်ငွေ့ဟာလည်းအဓိကပါဝင်ပါတယ်။) လူတွေရဲ့နေ့စဉ် ရေနံနဲ့သဘာဝဓါတ်ငွေ့ တွေကို စွဲလမ်းလွန်းကြ(အသုံးအစွဲကြမ်းလွန်းကြ) တာကြောင့်သဘာဝသယံဇာတစွမ်းအင်ကုန်ကြမ်းတွေဟာ ယခင့်ယခင်တုံးက အနီးအနားမှာတင် မခက်ခဲဘဲရှာဖွေတူးဖော်နိုင်ခဲ့ပေမယ့် တချိန်ကျရင်ရှာဖွေလို့မရနိုင် လောက်အောင်ရှားပါးကုန်ဆုံးသွားတော့မှာပါ။(အခုတောင် ရှာရအတော်ခက်ခဲနေပါပြီ။) အဲဒီအချိန်မှာ နေရောင်ခြည်စွမ်းအင်ကို အဓိကထားသုံးစွဲရမှာဖြစ်တဲ့အကြောင်းကိုဒီပုံမှာပြထားပါတယ်။




*ဒီဝဘ်ဆိုဒ်*ကတော့
ရေနံနဲ့စွမ်းအင်ဆိုင်ရာ သတင်းတွေစုစည်းပေးထားပါတယ်။


'DD'

မီးခိုးငွေ့များအကြောင်း

Tuesday, November 14, 2006



ကလေးရေ…
ငါဟာဗီလိန်တစ်ယောက်မဟုတ်ခဲ့ပါဘူးကွဲ့
ယခင်ဟိုးရှေးရှေးတုံးက အနီးမှာနေခဲ့သူပါ။
ဘဝတွေဒီလိုနဲ့ မပြောင်းချင်ဘဲပြောင်းခဲ့ရ…

ကလေးရေ
ဒါဟာဒေါသမဟုတ်ပါဘူးကွဲ့
အဝေးရောက် ငါ့မျက်ရည်ကိုထိန်းထားနေရ
တစ်ခါတစ်ခါတော့ တိုးတိတ်ကျမိတာပ…
ကိုယ်ဟာ
အမြဲစိမ်း သစ်တောမဟုတ်သလို
ထာဝရစီးဆင်းနေတဲ့မြစ်တစ်စင်း
မဟုတ်ဘူးကွ…

ကလေးရေ
ကိုယ့်ကို မစွဲလမ်းကြပါနဲ့
တစာစာအော်ဟစ်မနေခဲ့ပေမယ့်
သဘောကောင်းလွန်းတဲ့
ရက်ရောသူတော့မဟုတ်ခဲ့ပါရ…

ဒီလိုနဲ့ ကိုယ့်ဘဝဟာ…
ဟိုပြောင်းဒီပြောင်း…
ခဲရည်ငွေ့ အမျိုးမျိုးပေါ့
တန်ဘိုးတွေတက်လာပေမယ့်
ဒဏ်ရာအနာတရနဲ့ကိုယ်ဟာ
မျှော်လင့်နေမိရဲ့
နောက်ဆုံးနေ့ရက်ထိတော့
မင်းကိုမြင်တွေ့နိုင်လိမ့်မှာပ။

ဒီးဒုတ်
နိုဝင်ဘာ ၂၀၀၆

အင်္ဂလိပ်အချစ်ကဗျာတစ်ပုဒ်

Monday, November 13, 2006

သူ့နာမည်ရင်းက Eric Authur Blair--အဲရစ်အာသာဘလဲ ပါတဲ့။ (တိုနီဘလဲနဲ့တော့ဆွေမျိုးတော်မတော်အသိပါ။) ဒါပေမယ့်အများသိနေကြတာကသူ့ရဲ့ကလောင်အမည် George Orwell-ဂျော့အော်ဝဲလ် ပါ (ဂျော့အိုဝဲလ် လို့လည်းရေးကြတာတွေ့ဘူးရဲ့)။ ၂၀ရာစုမှာတော့ အရေးအသားကောင်းလွန်းတဲ့ အင်္ဂလိပ်စာရေးဆရာတစ်ယောက်အဖြစ်ကျော်ကြားခဲ့သူ ဂျော့အော်ဝဲလ် ကို အိန္ဒိယမှာ ၁၉၀၃ခုနှစ် ဇွန်လတွင်မွေးဖွားခဲ့ပါတယ် ( အဲဒီတုံးက သူ့ဖခင်ဟာ အိန္ဒိယမှာတာဝန်ထမ်းဆောင်နေပါတယ်)။ အသက်တစ်နှစ်မှ မိခင်နဲ့ အင်္ဂလန်ကိုပြန်ခဲ့ပါတယ်။ သူကိုယ်တိုင်ပြောခဲ့တာက သူတို့မိသားစုဟာ မဆင်းရဲဘူးဆိုပေမယ့် စားနိုင်သောက်နိုင်ရုံထက် နည်းနည်းလေးပိုတဲ့အသိုင်းအဝိုင်းပါတဲ့ ( lower-upper-middle class လို့ပြောတော့ ဒီလိုဘဲ ခပ်တည်တည် ရေးလိုက်တယ်ဗျာ)။

George Orwellသူ့အကြောင်းတွေဖတ်ရသလောက်တော့ ငယ်ငယ်ကပညာထူးချွန်ခဲ့ပေမယ့် သူ့မိသားစုက ငွေကြေးမထောက်ပံ့နိုင်တော့လို့ တက္ကသိုလ် ဆက်မတက်နိုင်တော့ပါတဲ့။ အဲဒါနဲ့ ဘာလုပ်လဲဆိုတော့…
သိလား…၁၉၂၂ မှာ ပုလိပ်ဝင်လုပ်တော့တာပေါ့။(မြန်မာပြည်မှာတာဝန်ကျတယ်)။ (ခုခေတ် ဒီးဒုတ်တို့နိုင်ငံမှာလည်း သားရယ် ၁၀တန်းအောင်ရင် ဗိုလ်လောင်းသင်တန်းလေးသွားပါလား
..၁၀တန်းမအောင်ရင်တော့ စစ်ထဲဝင်ပေတော့…ဒါမျိုးတွေကြားဘူးမှာပေါ့။ အော်ဝဲလ်တို့ခေတ်ကလည်း စစ်ဖြစ်နေချိန် အင်္ဂလိပ် ကိုလိုနီခေတ်ဆိုတော့ စစ်သားတို့ ပုလိပ်တို့ဆိုတဲ့
အလုပ်တွေပေါများတယ်ထင်ရဲ့ )။ နောက်တော့ အင်ပါရာထူထောင်တဲ့ ပဒေသရာဇ်စံနစ်ကို သောက်မြင်ကပ်လာတော့ ၁၉၂၇ အင်္ဂလန်ကိုခွင့်နဲ့ ပြန်ချိန် ထွက်စာတင်ပြီး စာရေးတဲ့အလုပ်ကို ရွေးချယ်ဘို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အော်ဝဲလ်ရေးသားခဲ့တဲ့စာတွေဟာ အထင်ကရဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းဆရာလုပ်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေမကောင်းလို့ အနားယူခဲ့ရပါတယ်။ သူ့ရဲ့ ဗမာ့နေ့ရက်များ “Burmese Days” ဟာကျော်ကြားတဲ့စာတပုဒ်ပါ။ သူ့ရဲ့ ပဒေသရာဇ်စံနစ်ကိုရွံရှာလာစေတဲ့စိတ်ပေါ်ထွန်းလာခြင်း ရဲ့အရင်းခံဟာ
သူဗမာပြည်မှာနေခဲ့တဲ့နေ့တွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။
သူ့စာတွေကောင်းတယ်ဆိုတဲ့အထဲက “Romance” ဆိုတဲ့ကဗျာအောက်မှာဖတ်ကြည့်ပါ။ ကောင်းလွန်းလို့တဲ့ ကျောင်းတွေမှာတောင်သင်ကြတယ်ဆိုဘဲ။ မောင်ဒီးဒုတ်က အင်္ဂလိပ်စာ
အလှအပကိုခံစားနိုင်မှုအားနည်းလို့လား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုနဲ့အလှမ်းဝေးနေသေးတာလားတော့မသိဘူး ပြောသလောက်လဲမကောင်းပါလားလို့ခံစားရတယ်။ စိတ်ထဲမှာတော့ ဒီလူကြီး
“နှာဘူး”လို့ ကောင်မလေးက ပြုံးစိစိနဲ့မကြားတကြားပြန်ပြောလိုက်တဲ့ဟာ သူနားလည်မှုနဲ့သူတီးထည့်လိုက်တာကို အင်္ဂလိပ်တွေ သဘောခွေ့သွားခဲ့တယ်နဲ့တူရဲ့လို့စဉ်းစားမိတယ်။ ဒါမှမဟုတ်လည်း
ငွေဒင်္ဂါး ၂၀ ပေးမယ်ဆိုလို့ အင်္ဂလိပ်ကြီးရဲ့ ချစ်ခြင်းကို ကောင်မလေးလက်ခံလိုက်လားတော့မသိ(သူ့စာအရ ဒင်္ဂါး၂၅ ပြား နဲ့လက်ခံလိုက်တယ်လို့ယူဆမိပါရဲ့....)။ ရေးထားတာတော့မရှင်းတရှင်းဘဲ။ အင်္ဂလိပ်တွေကလည်းခက်သား ချစ်မိပြီဆိုမှဖြင့် ချက်ချင်ကြီးညအတူအိပ်ချင်တော့တာဘဲ။ ခံစားချက် အတော်ကြီးကြရဲ့။ အော်...အင်္ဂလိပ်ကြီးရဲ့အချစ်...အင်္ဂလိပ်ကြီးရဲ့အချစ်...
(မူရင်းကတော့အောက်မှာ….)

Romance

When I was young and had no sense
In far-off Mandalay
I lost my heart to a Burmese girl
As lovely as the day.
Her skin was gold, her hair was jet,
Her teeth were ivory;
I said ‘For twenty silver pieces,
Maiden, sleep with me.’
She looked at me, so pure, so sad,
The loveliest thing alive,
And in her lisping, virgin voice,
Stood out for twenty-five.


George Orwell: ‘Romance’
First published: Bernard Crick: “George Orwell: A Life”. — GB, London. — 1925.

‘DD’
ကိုးကား
http://www.orwell.ru/library/poems/romance/english/e_rom
http://en.wikipedia.org/wiki/George_Orwell

ပရိုက်ဗေစီ-Privacy အပိုင်း(၂)

Friday, November 10, 2006

နည်းပညာအသစ်တွေဟာ ကျွန်တော်တို့ရဲ့ဘဝလွတ်လပ်မှုတွေကိုဖန်တီး
ပေးပါတယ်။ တဆက်တည်းမှာဒီနည်းပညာအသစ်တွေကြောင့်ဘဲ
privacy ဆိုတဲ့ ကိုယ်ရေးကိုယ်တာအခွင့်အရေးကို ဝင်ရောက်ကျူးကျော်
နိုင်ခွင့်တွေပေးထားသလိုဖြစ်စေပါတယ်။

သင့်ရဲ့လက်ကိုင်ဖုန်းဟာ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့လွယ်လွယ်ကူကူ
ဆက်သွယ်နိုင်စေတယ်ဆိုပေမယ့်၊ သင်ဘယ်နားမှာရှိတယ်ဆိုတာကိုပါ
(ဖုန်းရဲ့ အချက်ပြလှိုင်း signal ကြောင့်) နည်းပညာအရ သိစေနိုင်ပါတယ်။

သင် Googleမှာ ကျန်းမာရေးအချက်အလက် ရှာဖွေတာဟာ (သင်ဘာတွေ
ရှာဖွေတယ်ဆိုတာ) မူအရတော့ လုံခြုံစိတ်ချရနိုင်ပါတယ်။ သို့သော်ငြားလည်း
သင့်online ပြုမူဆောင်ရွက်ချက်တွေဟာ သင်ဝင်ရောက် ကြည့်ရှုမိတဲ့နေရာတွေမှာ
ထောင်ထားတဲ့ ပျားရည်အိုးတွေ (Honey Pot) ရဲ့ထောင်ချောက်
တွင်းမသိလိုက်မသိဘာသာရောက်ရှိသွားပြီး သင့်ရဲ့အချက်အလက်တွေကို
အသုံးချခွင့်ပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။
Honey Pot ဆိုတာ ဆိုဒ်တစ်ခုကိုလာသူတွေနဲ့ပါတ်သတ်တဲ့ အချက်အလက်
တွေကို မှတ်ထားတဲ့ (အဓိကကတော့ ဖောက်ထွင်းသူ
တွေကို စောင့်ဖမ်းဘို့တပ်ဆင်ထားတဲ့) အသုံးချနည်းပညာဖြစ်ပါတယ်။

နည်းပညာကြောင့်ပြဿနာတွေဖြစ်စေတာ မဟုတ်ပါလို့ဆိုနိုင်ပြီး
Privacy ကိုယ်ရေးကိုယ်တာအခွင့်အရေး အတွက် မျှော်လင့်ချက်
လိုအပ်ချက်တွေဟာ ဥပဒေကြောင်းအရ ကာကွယ်ပေးမှုတွေ နည်းပါးနေသေးတယ်။

အလကားရမယ်ဆိုလို့ Site တွေမှာ ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေကို ဟိုဖြည့်
ဒီဖြည့်မဖြည့်ခင် site မှာ Privacy policy ရှိမရှိ ကို စစ်ဆေးပါ။ (သို့)
သင်ပေးရတာနဲ့ ရလိုက်တာနဲ့တန်ရဲ့လား ဆန်းစစ်ပါ။ မြန်မာပြည်မှာတော့
လူတော်တော်များများ အလကားရမယ်ဆိုရင် လျှောက်လွှာတစ်မျက်နှာ
နှစ်မျက်နှာလောက်တော့ အသာလေးပေါ့...ဖြည့်ပြီးသားဘဲ။
(ဘာမှမရဘဲတောင် အနိုင်ကျင့်ပြီး ဟိုတောင်းဒီတောင်း ဟိုဖြည့်ခိုင်း
ဒီဖြည့်ခိုင်းနဲ့ နော...)
အထူးသဖြင့် နိုင်ငံကြီး တချို့မှာတော့ ဆောရီးဘဲ ကြော်ငြာချင်ရင်
ထိုက်တန်တဲ့ အရာ တစ်ခုခုရမှ ကိုယ်ရေးအချက် နည်းနည်းပါးပါးရမယ်
...အီးမေးလ်..ဖုန်းနံပါတ် အစရှိသဖြင့်ပေါ့ဗျာ...
ကဲ...ခင်ဗျားတို့ကော ဘာတွေ ဖြည့်ဘူး...ပေးဘူးသလဲ?

'DD'

*Privacy အပိုင်း(၁) ဒီမှာ*
ကိုးကား...Electronic Frontier foundation EFF
ကျွန်တော်ကြည့်ဘူးတဲ့ privacy နဲ့ဆက်စပ်တဲ့ရုပ်ရှင်က
Enemy of the State (၁၉၉၈) ပါ။
သိတ်ကောင်းလို့သိတ်ကြိုက်ပါတယ်။

ဝဘ်ရဲ့အနာဂါတ်ကိုစိုးရိမ်နေသူ

“ကျွန်တော်တို့ဟာ ယခုဒီသတင်းအချက်အလက်ကွန်ယက်ကြီး
ဘယ်လိုတိုးပွားဖြစ်ထွန်းနေတယ်ဆိုတာကို နားလည်နိုင်စွမ်း
မရှိရင်တော့ ဆိုးဆိုးဝါးဝါးကိစ္စတွေနဲ့ ရင်ဆိုင်ရဘွယ်ရှိတယ်။”
Sir Tim Berners-Lee

ကမ္ဘာ့သတင်းအချက်အလက်ကွန်ယက်ကြီး WWW ရဲ့ဖခင်ကြီးလို့အသိအမှတ်ပြုခြင်းခံထားရသူ အင်္ဂလိပ်လူမျိုး
“ဆြာတင်ဘာနာစ်လီ--Sir Tim Berners-Lee” တစ်ယောက်တော့
သူစတင်ခဲ့တဲ့ WWWကြီးအတွက်ရတက်မအေးဖြစ်နေရပါပြီ။
သူစိတ်ပူပန်မိတာက အင်တာနက်ကိုသတိလက်လွတ်သုံးစွဲနေမှုတွေဟာ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ (ဒီမိုကရေစီလမ်းကြောင်းကသွေဖီမှု၊ သတင်းအချက်အလက်မတိကျမမှန်ကန်မှု၊ စတာတွေ)
ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် Tim ဟာ သတင်းကွန်ယက်တိုးတက်ဖြစ်ထွန်းမှုရဲ့
လူမှုရေးဆိုင်ရာနောက်ဆက်တွဲကိစ္စတွေကိုလေ့လာနိုင်ဘို့
web science research project -- သတင်းကွန်ယက်ပညာရပ်ဆိုင်ရာ
သုတေသနစီမံကိန်း တစ်ခုကိုစတင်လိုပါတယ်တဲ့။ သူရဲ့သုတေသနဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်ထက်ပိုမိုတဲ့ကိစ္စတွေပါဝင်မှဖြစ်ပြီး တက္ကသိုလ်တွေမှာတွေ့ရလေ့မရှိဘူးလို့ဆိုပါတယ်။
သူဟာ လူမှုရေးနဲ့နည်းပညာ ကျိုးကြောင်းကိစ္စရပ်တွေကိုလေ့လာရာမှာ
စည်းစံနစ် ရှုထောင့်အဖြာဖြာကသုတေသနပညာရှင်တွေကို စည်းရုံးလေ့လာဘို့ ဆန္ဒရှိနေပါတယ်တဲ့။ ပိုပြီး နှစ်ထောင်းအားရစရာ စိတ်ဝင်စားဘွယ်တွေဖြစ်လာပြီး ဘာသာရပ်အသစ်တစ်ခုလို့လည်းဆိုပါတယ်။
*******************************************
source: ဘီဘီစီ ရဲ့ ဒီနေရာ မှာအသေးစိတ်ဖတ်ပါ။
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”

‘DD’

သဘောကျမိတဲ့ဆိုဒ်တစ်ခု

Thursday, November 09, 2006

Google, Microsoft, Yahoo မြေပုံတွေအပြင်အခြားမြေပုံတွေအတော်များများပါကြည့်လို့ရတဲ့ဆိုဒ်ပါ။
Flash သုံးပါတယ်။ စိတ်ကူးကောင်းတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ Browser မှာ
flash pluginရှိရင် ဘာမှအထူးအထွေ install လုပ်စရာမလိုဘဲ ကမ္ဘာ့မြေပုံတွေကြည့်ရှုလို့ရကြောင်းပါခင်ဗျား။
လိပ်စာ http://www.flashearth.com/

'DD'

အီးဘုတ်ခ်.အီးဘွတ်ခ်..အီးဘုခ်

ဒီလိုဘဲ အချိန်နည်းနည်းအားနေရင်ဟိုကြည့်ဒီကြည့်ပေါ့ဗျာ…..ဒါနဲ့ဒီဟာကိုတွေ့သွားကောဗျား။ ဟုတ်တော့လည်းဟုတ်သား ကျနော်ကိုယ်တိုင်လည်းတခါတလေ အင်္ဂလိပ်အသံထွက်ကိုမြန်မာသံနဲ့ပြန်ရေးတာ တော်တော်လက်ပေါက်ကပ်တဲ့ကိစ္စ…

အခုတွေ့တာက foreverspace bannerမှာ အီးဘုခ် လို့ရေးထားတဲ့ဟာ..တစ်မျိုးတော့တစ်မျိုးဘဲဗျ..စိတ်ထဲမှာရွတ်ကြည့်တယ်
..အီးဘုတ်ခ်.အီးဘွတ်ခ်..အီးဘုခ်…..ဘာမှအဆင်မပြေနေသလိုဘဲဗျာ။…
ကဲခင်ဗျားတို့ဆို ဘယ်လိုရေးမလဲ…ဘာရယ်မဟုတ်ဘူးဗျို့..ဦးနှောက်စားကြည့်တာပါ..

'DD'

Judge Okays Private File-Swapping

Wednesday, November 08, 2006


မကြာသေးခင်ယခင်သီတင်းပါတ်က စပိန်တရားသူကြီးတစ်ဦးရဲ့ “တကိုယ်ရေသုံးစွဲရန် ဖိုင်ဝေငှမှု-File sharing” ကိုခွင့်ပြုနိုင်မယ်လို့ချမှတ်တာဟာ သက်ဆိုင်ရာလုပ်ငန်းတွေကြားမှာမကျေနပ်စရာတွေ၊ ပြန်လည်ချေပစရာတွေ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ တရားသူကြီး ပက်ဇ်အယ်လ်ဒီကို ဟာ တရားစွဲဆိုခံရတဲ့ သီချင်းအတော်များများဖြန့်ဝေခဲ့သူ(အမည်မဖော်ပြ)တစ်ဦးရဲ့အမှုကို ပယ်ဖျက်လိုက်ပါတယ်။ တရားခံရဲ့ပြုမူချက်ဟာ အများသူငါလုပ်နေကျ လူမှုရေးထောင့်ကကြည့်ရင်လက်ခံနိုင်တဲ့ ပြုမူချက်တစ်ခုဖြစ်ပြီး ငွေကြေးအကျိုးအမြတ်မပါတဲ့ကိစ္စသက်သက်သာဖြစ်တယ်လို့လည်းဆိုပါတယ်။
စပိန်နိုင်ငံဟာ ဖိုင်ဖြန့်ဝေသုံးစွဲကြတဲ့ပင်မနေရာတစ်ခုဖြစ်ခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ယခုလိုစီရင်ချက်ချမှတ်လိုက်တာကြောင့်ဒီအလေ့အထကိုပိုမို
အားပေးအားမြှောက်ပြုစေတယ်လို့ဆိုပါတယ်။ ဒီစီရင်ချက်မတိုင်ခင်ယခင်နှစ်များက မူပိုင်ခွင့်ဟာအသာစီးနေရာမှာရှိခဲ့လို့ စီဒီတွေရောင်းပန်းလှခဲ့ရပါတယ်။ IFPIရဲ့ကိန်းဂဏန်းများကိုဆန်းစစ်တဲ့အခါမှာ အသင့်သွင်းထားတဲ့ CD လိုပစ္စည်းတွေရောင်းအားဟာ ၂၀၀၁လောက်ကစပြီး ၆၀ရာနှုန်းလောက်ကျဆင်းခဲ့ပါတယ် (၂၀၀၅ မှာ ရောင်းရတဲ့အရေအတွက်ဟာ ၃၄.၆သန်းလို့ဖော်ပြထားပါတယ်။) ဒီအတောအတွင်းမှတော့ ဒီစီရင်ချက်ဟာ ဥပဒေရေးရာတွေ ဥပဒေပြုသူတွေဦးနှောက်စားစရာ အချေအတင်ဖြစ်စရာဆိုတာအသေအချာပါဘဲ။ ပြီးတော့ လူ့မှုအဖွဲ့အစည်းဆိုင်ရာအယူအဆတွေပြောင်းလဲလာနိုင်ပြီး၊ တရားရုံးများ ဥပဒေပြုသူများကြားမှာ ပိုမိုအလေးထားဆောင်ရွက်ရမှာအသေအချာပါဘဲခင်ဗျား။

စာကြွင်း။ ။IFPI ဟာ နိုင်ငံတကာတေးထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မူရင်း။ ။ http://www.digitalmusicnews.com/

'DD'
*****************************************************
“မြင်တွေ့မိတဲ့သတင်းတပုဒ်ကို နားလည်သလောက်ဘာသာပြန်တင်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျာ”

ဟီး..ဟစ်..ဟား

Tuesday, November 07, 2006

ရယ်ရတဲ့ပုံတွေရလို့ဝေမျှလိုက်တယ်..


ကားပြတင်းပေါက်တွေကို အရောင်နဲ့ စတစ်ကာတွေကပ်ထားတယ်ထင်လို့..လတ်စသတ်တော့..ကိုနီဂရိုးများပါလား...

ဒါက..Animated gif ပုံလေး..ဖန်တီးတဲ့လူ..စိတ်ကူးအတော်ကောင်းဗျား


'DD'

ဝဘ်ဆိုဒ် သန်း၁၀၀ကျော်ပြီ

Monday, November 06, 2006


Source: Netcraft Click to see clear picture.

Source: Netcraft Click to see clear picture.
၁၉၉၅ ဩဂုတ်လမှာ ဝဘ်ဆိုဒ် ၁၉၀၀၀ လောက်ဘဲရှိခဲ့ရာက ယခုဆိုရင် သန်း၁၀၀ကျော်ရှိနေပါပြီ။ အသေးစာစီးပွားရေးလုပ်ငန်းတွေ၊ ဘလော့ဂ်တွေ၊ စတာတွေကြောင့် ဒီလောက်မြန်မြန်တိုးပွားလာတာပါတဲ့။ တန်ဖိုးနည်း Domain name company များကြောင့်လည်းပါတယ်ပေါ့ဗျာ။ လွန်ခဲ့တဲ့တစ်လတာအတွင်းကလေးမှာတင် ၃.၅သန်းတိုးပွားလာတာပါ။
(Netcraft မှာကြည့်)

'DD'
Source: Netcraft.com

အီရတ်သံဝေဂ

Sunday, November 05, 2006


ဒီနေ့တီဗွီမှာသတင်းကြည့်နေရင်း ကြားဖြတ်သတင်းဝင်လာတာက “ဆက်ဒမ်ကို ကြိုးမိန့်ချလိုက်ပြီ” တဲ့။ (သွေးရူးသွေးတမ်းပုံစံမျိုးနဲ့ ဘုရားကိုတိုင်တည်နေသလိုမျိုး အော်ဟစ်နေတဲ့ ဆက်ဒမ်ကိုမြင်တွေ့ရတော့)စိတ်ထဲမကောင်းဖြစ်နေမိပါတယ်။ တချိန်က ဘုန်းမီးနေလတောက်လှပါတယ်လို့ကိုယ့်ကိုယ်ကို ထင်နေသူတစ်ယောက်ရဲ့ ကျဆုံးချိန်ဟာ ဒီလောက်ထိ ဆိုးရွားလှပါတယ်။ ကြိုးမိန့်သေဒဏ်ဆိုတာ အဆိုးဆုံး ပြစ်ဒဏ်ပါ။ အီရတ်နိုင်ငံတဝှမ်းက ရုပ်မြင်သံကြားစောင့်ကြည့်နေတဲ့ပြည်သူအများစုက ဒီသတင်းကိုလည်းကြားရော…ဘာပြောကောင်းမလဲ…လက်ခုပ်လက်ဝါးတီး အော်ဟစ်ကခုန်ကြပါရောလား။ (တချိန်က စုဝေးပွဲတွေမှာလည်း…ဆက်ဒမ်ရှေ့ကလူစုလူဝေးကြီးက ဒီလိုဘဲ လက်ခုပ်လက်ဝါးတီးကြိုဆိုခဲ့ပုံကို လည်းပြန်ပြပါသေးတယ်။… တိုင်းပြည်ကိုအာဏာနဲ့မတရားဖိနှိပ်အုပ်ချုပ်သူရဲ့ရလာဒ်ကို ထင်ဟပ်ပြချင်တဲ့သဘောနဲ့တူရဲ့..)။ ဘက္ကဒတ်မြို.သားတစ်ဦးက “ဒါ…သူနဲ့အထိုက်တန်ဆုံးပြစ်ဒဏ်ပေါ့” လို့ခပ်အေးအေးဘဲဆိုပါတယ်။
‘DD’

ရေငံငါးပြဿနာနောက်ဆက်တွဲ

Saturday, November 04, 2006

ဒီညနေ တီဗွီကြည့်ပြန်တော့လည်းဒီငါးကိစ္စပါဘဲလား။
(Australian Asia Pacific Network TV News)
သာမန် Hoax သတင်းလောက်တော့မဟုတ်တန်ရာတော့ဘူးထင်ပါတယ်။
အသက်ကြီးတာနဲ့အမျှ စားစရာ ပင်လယ်ငါးရှားပါးလာတော့မှာဗျ။
အခြားအကောင်ဗလောင်တွေလည်း ထိုနည်း၎င်းမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။
အဓိက လူတွေအတွက် အာဟာရ ဖြစ်တဲ့ ရေငံငါးမျိုးတွေ ပျောက်ကွယ်သွားမယ့်ကိစ္စ။
အခု “CBSသတင်း”ဝဘ်ဆိုဒ်မှာတွေ့တာကလည်း...
(၂၀၄၈ခုနှစ်လောက်မှာတဲ့....အချိန်အတိအကျဆိုထား၏။)
UK မှာရှိတဲ့ Plymouthအဏ္ဏဝါဓါတ်ခွဲဌာနက သုတေသီ
“နီကိုလာဘူးမွန့်-Nicola Beaumont” ပြောတာက....
“ဒါဟာ နောင်ဘာဖြစ်လာမယ်ဆိုတာ ကြိုဟောကိန်းထုတ်တာမဟုတ်ဘူး...
ယခုမျက်မှောက်ဖြစ်နေတဲ့ကိစ္စဖြစ်တယ်လို့ ခပ်ရှင်းရှင်းဘဲဆိုသဗျ။”
ဒါပေမယ့်...ဒီကိစ္စကို မယုံကြည်သူတွေကလည်း အများအပြားပါဘဲ။
ယုတ္တိယုတ္တာရှိတဲ့ သက်သေပြချက်တွေမရှိသရွေ့မယုံနိုင်သေးဘူးလို့ဆိုကြပါတယ်။
ဘာဘဲဖြစ်ဖြစ်...ကိုယ့်ဥာဏ်နဲ့ကိုယ် ချင့်ချိန်စဉ်းစားကြည့်ကြပေါ့ဗျာ။
'DD'

'Only 50 years left' for sea fish

Friday, November 03, 2006


ဘီဘီစီမှာဒီလို ရင်တုန်ပန်းတုန်ကိစ္စတွေ တွေ့ဘဲတွေ့နိုင်လွန်းတယ်။
လေ့လာတွေ့ရှိချက်တွေအရတဲ့ ဒီအတိုင်းဆက်သွားနေလို့ကတော့
ဒီရာစုနှစ်အလယ်လောက်မှာ (နောင်နှစ်ပေါင်း၅၀လောက်မှာ)
ပင်လယ်ငါးတွေ (အခြားရေသတ္တဝါတွေပါမယ်လို့တော့တိတိကျကျ
မပြောထားဘူး)မျိုးတုံးပျောက်ကွယ်တော့မယ်တဲ့။
(သူတို့ဘဲ ကြိုသိနိုင်လွန်းလိုက်ကြတာ...ဦးကဝိတို့ရယ်။ ဒို့ရွာမှာတော့
ဟိုဟာဒီဟာ တူးဆွရောင်းစားလိုက်...ဟိုအပင်ဒီအပင်ခုတ်ရောင်းလိုက်..
ဟိုဟိုဒီဒီ..ငါးလာဖမ်းခိုင်းလိုက်...ကုန်တယ်လို့မရှိဘူးဆိုဘဲ။)
“ဒီရာစုနှစ်ဟာ..ပင်လယ်စာစားသုံးမှု..နောက်ဆုံးရာစု” တဲ့ဗျ...
နည်းပညာတိုးတက်လာလို့...ပိုကြီးတဲ့သင်္ဘော..ပိုကောင်းတဲ့ပိုက်တွေ..
စက်ကိရိယာတွေနဲ့ ဖမ်းတာတောင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ
ငါးရရှိမှုသိသိသာသာကျဆင်းလာတယ်ဆိုတာကို ကိန်းဂဏန်းတွေ
ပုံကားချပ်တွေနဲ့ ရှင်းထားသေးသဗျ။
တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့သမုဒ္ဒရာမျိုးစိတ်ကွဲတွေကို မပျောက်ပျက်
အောင်ကာကွယ်စောင့်ရှောက်ကြပါလို့ပြောထားပါသေးတယ်။
နောင်လာနောင်သားတွေ Seafood စားနိုင်အောင် ခုထဲက ဘာတွေလုပ်ကြမလဲ။
အများကြီးဆက်မရှင်းပြတတ်တော့ဘူးဗျာ...စိတ်ဝင်စားရင်တော့
*ဒီမှာသွားဖတ်*ပါ။ အခုတော့ တော်တော်စိတ်ညစ်သွားပြီဗျို့။

'DD'

ချောချောလှလှသတိထား

ဘလော့ဂါဆိုဒ်ကလည်း ခုတလော တက်လိုက်ကျလိုက်…ဒီတစ်ခေါက်တော့
ပုံတွေတင်မှာဆိုတော့ ဆိုဒ်လေးမှာစိုးလို့ ပြီးခဲ့တဲ့ပို့စ် (ဗွီဒီယို) ကိုပြန်ဖယ်လိုက်တယ်။ အခုဟာက ယောက်ျားလေးတွေသတိထားစရာပါခင်ဗျား။ ချောချောလှလှ လေးတွေတွေ့တိုင်းမခံစားမိခင် အရင်လေ့လာ…နော။ နည်းပညာတိုးတက်တဲ့ခေတ်ကြီးပေကိုး။





ဂျွန်ဒေါ့ဘ်ဆင် အကြောင်း

Monday, October 30, 2006

တကယ်တော့ ဒီစာမှာပါတဲ့နည်းပညာကိစ္စတွေကို ကျွန်တော်စိတ်မဝင်စားပါ။
ဒီစာထဲက အသက်၉၁နှစ်ရှိပြီဖြစ်တဲ့ John Dobson ရဲ့ဘဝအကြောင်းက သူ့ရဲ့ဝါသနာကိုအကြောင်းပြုပြီးတည်ဆောက်ခဲ့တဲ့ပြည်သူ့အကျိုးပြုလုပ်ရပ်တွေ၊ ဇွဲနပဲကောင်းပုံတွေဟာ အားကျအတုယူစရာ ကောင်းလွန်းလို့ဝေမျှတာပါ။
အနည်းငယ်ရှည်တာကတကြောင်း စာရိုက်မကျွမ်းတာကတကြောင်းကြောင့် အပိုင်းခွဲပြီးနည်းနည်းချင်းတင်မယ်လို့စိတ်ကူးပေမယ့်၊ ဖတ်သူဆန့်တငံ့ငံ့ဖြစ်မှာစိုးလို့ လွန်ခဲ့တဲ့ရက်အတော်များများကတည်းက ကြိုးစားရေးခဲ့တာ ဒီကနေ့အပြီးသတ်ပါတယ်။
(http://www.johndobson.org ကသူ့ဘဝဇာတ်ကြောင်းကိုမှီငြမ်းပြန်ဆိုရေးသားပါ၏။)
ဝန်ခံချက်။ ။သတ်ပုံဝါကျများမှားယွင်းပါသဖြင့်ပြင်ဆင်ဖြည့်စွက်ဖတ်ရှုပေးကြပါခင်ဗျား။
Vedanti ကိုဝိဒန္တာလို့ရေးထားမိတာ “ဝိဒန္တီ” လို့ပြောင်းဖတ်ပေးပါ။




ဂျွန်ဒေါ့ဘ်ဆင် အကြောင်း
*******************
တလောကပေါ့ ကားပေါ်ကနေ ဆံသအလှပြင်ဆိုင် (hair saloon)
တစ်ခုရှေ့က (ခင်ဗျားတို့လည်းမြင်ဘူးမှာပါ) လည်နေတဲ့အနီအပြာရစ် သင်္ကေတကိုတွေ့မိတော့ ဆရာကြီး ဂျွန်ဒေါ့ပ်ဆင် John Dobson ရဲ့
TV မှာကြည့်ဘူးတဲ့ သူ့ရဲ့ pattern (re)generation ဥပမာကိုသတိရမိသဗျား။
ပြောချင်တာက အဲဒီဥပမာ မဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ John Dobson ရဲ့ဘဝဇာတ်ကြောင်းပါ။
နက္ခတ္တပုလွေဆရာ၊ ကြယ်ဘုန်းတော်ကြီး အစရှိသဖြင့် ဂုဏ်ပုဒ်များပိုင်ရှင်
John Dobson ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခု (နှစ် ၃၀) မှာ ဝါသနာရှင်နက္ခတ္တပညာလောကမှာ ထည်းထည်းဝင်ဝင် ပြောစမှတ်
ပြုရလောက်တဲ့ ပုဂ္ဂိုလ်ပါ။
၁၉၁၅ မှာမွေးတဲ့ John Dobson ဟာ တရုတ်နိုင်ငံ ပီကင်း ဇာတိပါ။ ၁၉၂၇ မှာတရုတ်နိုင်ငံရေးမငြိမ်သက်လို့ John Dobson မိသားစုဟာ ကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ပြီး ၁၉၄၃ ရောက်တော့ ဘာကလေးတက္ကသိုလ်က ဓာတုဗေဒ အဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ ခေတ္တ စစ်မှုထမ်းပြီး မကြာခင် ၁၉၄၄မှာ ဆန်ဖရန်စစ္စကိုက ဝိဒန္တာ ကျောင်းတော် Vedanti Monastery မှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ (ဝိဒန္တာဟာ ဟိန္ဒူကျောင်းတော်ဖြစ်ပြီး ဘာတွေကျင့်ကြံအားထုတ်ကြတယ်ဆိုတာတော့မသိပါ) အဲလိုနဲ့ ၂၃နှစ်ကြာလာတော့ The Order (ဘာသာရေးအဖွဲ့လို့ယူဆရပါတယ်)က Dobson ကိုတာဝန်တစ်ရပ်ပေးခဲ့ပါတယ်။ ဘာသာရေးကိုသိပ္ပံနည်းပညာနဲ့ယှဉ်ပြီးပို့ချဘို့ တာဝန်ဖြစ်ပါတယ်။

ဓာတုဗေဒဘွဲ့ရ Dobson ဟာ စကြာဝဠာကြီးဘယ်လိုတည်ရှိတယ်ဆိုတာကိုလည်း အလွန်အမင်းသိလိုတာဖြစ်လို့ ၁၉၅၆မှာ စုံစီနဖာရောင်းတဲ့ဆိုင်ကဝယ်ယူခဲ့တဲ့၂လက်မ မှန်ဘီလူးနဲ့ (မျက်စိနှစ်ဘက်လုံးကြည့်လို့ရတဲ့ မှန်ပြောင်း Zeiss binoculars အဟောင်းကဖြုတ်ယူထားတဲ့ မျက်ကပ်မှန်ဘီလူးပါ)သူ့ရဲ့ပထမဦးဆုံး အဝေးကြည့်မှန်ပြောင်းကိုစတင်တီထွင်ခဲ့ပါတယ်။ အဲဒီမှန်ပြောင်းနဲ့ စနေဂြိုဟ်ခါးပတ်ကိုတောင်မြင်တွေ့နိုင်ပါတယ်တဲ့။ ပထမဦးဆုံးသူ့ရဲ့ အဝေးကြည့်ပြောင်း“မှန်”
ကိုတော့ လုပ်ဖော်ကိုင်ဘက် ဘုန်ကြီးတစ်ပါးကမှာလို့ သင်္ဘောဘေးက ၁၂လက်မမှန်ဝိုင်းကိုသွေးပေးခဲ့ပါတယ်။ သူ့ရဲ့မှန်ပြောင်းနဲ့ မပြည့်တပြည့် “လ”ကို အံ့အားတသင့်ကြည့်ရှုမြင်တွေ့ပြီးချိန်မှာတော့ သူ့ခေါင်းထဲဝင်ရောက်လာတာက “လူတိုင်းဒီအံ့ဩဘွယ်တွေကိုရှုမြင်ရမယ်” ဆိုတာပါဘဲ။ အဲဒီမှာတင် သူဟာအများပြည်သူအတွက်သူလုပ်ငန်းကိုစတင်နစ်ဝင်ပါတော့တယ်။

၁၉၅၈မှာ Dobsonဟာ ဆက္ခရာမန်တို Sacramento က ဝိဒန်တာကျောင်းကိုရွှေ့ပြောင်းရပါတယ်။ အဲဒီမှာ မှန်ပြောင်းလုပ်ငန်းကို ထည်းထည်းဝင်ဝင်လုပ်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာဖြင့် ၅လက်မ ဖန်ချိုင့်အောက်ခြေကို လှီးဖြတ်ပြီး ရောင်ပြန်မှန်အဖြစ် သုံးလိုက်ပါတယ်။ ပီတိအဟုန်နဲ့ Dobson ဟာ သူ့ရဲ့မှန်ပြောင်းနဲ့ရှုမြင်ရသမျှအကြောင်းအရာတွေကို ရောင်းရင်းတွေကြားမှာ ပြောမဆုံးပေါင် တောသုံးတောင် မျှဝေတော့တာပေါ့။ သူငယ်ချင်းတစ်ယောက်ကဆိုရင် “ကိုယ့်လူတော့ ကြီးကြီးကျယ်ကျယ်ကို တွေ့ရှိတီထွင်ထားပါကလား” ဆိုပြီးရင်သပ်ရှုမောဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ သင်္ဘောပျက်ကမှန်ဝိုင်းအချို့ကိုတောင်စွန့်ကြဲခဲ့လို့မြေဩဇာပုံးတွေထဲထည့်ပြီး ကျောင်းဝင်းထဲခိုးသွင်းခဲ့ရပါတယ်။ (Dobson ရဲ့အလုပ်တွေကို ကျောင်းဝင်းထဲခွင့်မပြုဘူးလို့ယူဆမိပါတယ်)။
Dobsonဟာမှန်တွေသွေးဘို့(မှန်ဘီးလူးဖြစ်အောင်ပြုပြင်တာပါ)သဲကိုကိုယ်တိုင်ရှာရ၊ ဓာတုပစ္စည်းအဖြစ် ကျောင်းဥယျာဉ်သုံး ဖဲရပ်စ်ဆာလဖိတ်၊ အောက်ဆလစ်အက်ဆစ်တို့ကိုသုံးခဲ့ရပါတယ်။ ကျောင်းတော်ရဲ့အမူအကျင့်၊အင်္ဂါရပ်နဲ့ မသင့်တော်ဘူးပြောမှာစိုးလို့ သူ့ရဲ့ အများပြည်သူအတွက်တီထွင်မှုကို ကျောင်းတွင်းကအခြားသံဃာတွေမသိစေပါဘူး။ မှန်သွေးရင်အသံထွက်လို့ ရေမှာနှစ်သွေးပါတယ်။ ဘုန်ကြီး Dobsonဟာငွေကြေးလည်းမရှိပါဘူး။ ဒါကြောင့် သူ့ရဲ့မှန်ပြောင်းတွေဟာ ရေပိုက်ရစ်တဲ့သတ္တုခွေအ၀ိုင်းတွေ၊ တိုလီမုတ်စ သစ်တိုသစ်စတွေ၊ စတာတွေနဲ့တပ်ဆင်ခဲ့ရပါတယ်။ ပကာသနမဲ့တဲ့အတွက် ဒေါ့ဘ်ဆင်နည်းပညာတပ်ဆင်မှု(Dobsonian mount)လို့တောင်သမုတ်ခဲ့ကြပါတယ်။ ဒီလိုသတ်မှတ်ခဲ့ပေမယ့် ဒီနည်းဟာ သူများလုပ်ဘူးပြီးသားပါ။

(Dobsonဟာအသစ်စက်စက်သူမြင်ရတဲ့)စကြာဝဠာကြီးကိုအခြားသူတွေမြင်စေချင်လွန်းတဲ့
စိတ်စေတနာဟာ ပိုမိုကြီးမားတဲ့ အဝေးကြည့်မှန်ပြောင်းလုပ်ချင်စိတ်အားကြီးလာစေတဲ့အပြင်၊ ကျောင်းတော်အုပ်ချုပ်သူတွေက (ကျောင်းအင်္ဂါရပ်နဲ့မညီလို့ဆိုတဲ့အယူအဆနဲ့) ကျောင်းကသူ့ကိုပယ်ထုတ်စေချင်အောင်တွန်းအားဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့ အမြင်စုတ်တဲ့မှန်ပြောင်း (နက္ခကြည့်) ကို ပံ့သကူရတဲ့ လှည်းဘီးဟောင်းတွေတပ်ဆင်ပြီး ကျောင်းပရဝဏ်ပါတ်လည်ကလူနေအိမ်တွေနားမှာ ကလေး၊လူကြီး သဘောကျ ညဉ့်ကာလရဲ့ကောင်းကင်ကို လှည့်လည်ပြသခဲ့ပါတယ်။

ဒီလိုနဲ့ လူတွေဟာ သူ့ရဲ့မှန်ပြောင်းကိုသဘောကျလာတော့ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ချင်လာပြီး Dobsonကိုအကူအညီတောင်းကြပါတော့တယ်။ အဲဒါနဲ့ဘဲ Dobson ဟာ ကျောင်းမှာ ခွင့်မဲ့ပျက်ကွက်မှုတွေများလာပါတော့တယ်။ ၂၃နှစ်ကြာကျောင်းတော်မှာကျင်လည်ခဲ့တဲ့ (သူ့ရဲ့အများပြည်သူကြည့်ဘို့ မှန်ပြောင်းလုပ်ငန်းတွေကျယ်ပြန့်လာတော့) Dobsonဟာ ၁၉၆၇မှာ သူ့ဝါသနာကြောင့် ကျောင်းမှာနေခွင့်မရတော့တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေ သူ့ကိုကျောင်းကထုတ်ပယ်တာဟာ သူမှန်ဘီလူးတီထွင်လုပ်ဆောင်ခဲ့လို့ မဟုတ်သော်ငြားလည်း သူ့ရဲ့ သူ့ရဲ့အများပြည်သူကြည့်ဘို့ မှန်ပြောင်းလုပ်ငန်းကိုနားမလည်နိုင်တာကြောင့်ဖြစ်ပါတယ်။

သူ့ဝါသနာကိုဘဲတစိုက်မတ်မတ်လုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့ Dobsonဟာ ကားကြုံစီးပြီး ဆန်ဖရန်ဆစ္စကို ကိုလာခဲ့ပါတယ်။ နောက်ပိုင်းမှာမိတ်ဆွေတိုးလာတာနဲ့အမျှ စားဝတ်နေရေးအကူအညီတွေပူစရာမလိုတော့ပါဘူး။ ဆန်ဖရန်ဆစ္စကိုရဲ့ လမ်းအချို့ပေါ်ကောင်းကင်ကြည်လင်တဲ့ညတွေမှာ Dobson ဟာသူ့ရဲ့မှန်ပြောင်းအချို့နဲ့အလုပ်စပါတော့တယ်။ လူထောင်ပေါင်းများစွာဟာ Dobsonမှန်ပြောင်းနဲ့လေ့လာခွင့်ရကြပါတယ် Dobsonကကြည့်ရှုသူတွေဟာဘာတွေတွေ့မြင်ရမယ်ဆိုတာကို အသေးစိတ်ရှင်းပြပါတယ်။
(ဒါဟာ ပလက်ဖောင်းနက္ခတ္တပညာရှင်များအဖွဲ့ရဲ့ အလေ့စရိုက်ဖြစ်နေဆဲပါ။)အခါအားလျော်စွာ Dobsonဟာ ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီ မှာရှိတဲ့ဂျူးဘာသာဝင်အဖွဲ့နဲ့အခြားအဖွဲ့အစည်းတွေကို သူ့ရဲ့ မှန်ပြောင်းနဲ့ နက္ခဗေဒ ပညာတွေပို့ချနေခဲ့ရတာ ယခုထက်တိုင်အောင်ဖြစ်ပါတယ်။ Dobson ရဲ့ကြီးကြပ်သင်ကြားမှုခံယူခဲ့တဲ့ တစ်ချို့လူငယ်တွေဟာ လူမှု-ပြည်သူ့အကျိုးပြုအဖွဲ့ “ပလက်ဖောင်းနက္ခပညာရှင်များ--San Francisco Sidewalk Astronomers” အဖွဲ့ကိုတည်ထောင်ခဲ့ကြပါတယ်။ အဖွဲ့ဝင်များပြားလာတာနဲ့အမျှ ကြီးမားကောင်းမွန်တဲ့ မှန်ပြောင်းတွေတည်ထွင်နိုင်ခဲ့ကြပါတယ်။ ၁၉၇၀ မှာအဖွဲ့ဟာ အလွယ်တကူသယ်ယူသွားလို့ရတဲ့ ၂၄လက်မ မှန်ပြောင်းတည်ထွင်ခဲ့ပါတယ်။


Dobsonဟာ အထင်ကယဖြစ်တဲ့ ယခင် Scan Francisco နဲ့ Berkeley ဘာကလီးစင်တာ ကဖိတ်ကြားခြင်းခံရပြီး သင်ကြားပို့ချမှုတွေပြုလုပ်ခဲ့ပါတယ်။ နောင်၂၆နှစ်ကြာနောက်ပိုင်းမှာ နက္ခဗေဒသဘောတရား၊ ရုပ်ဝတ္ထုဆိုင်ရာစကြာဝဠာသဘောတရားရေးရာ နဲ့ မှန်ပြောင်းနည်းပညာတွေကို လော့စ်အိန်ဂျယ်လစ်မှာ နှစ်စဉ် ဇန်နဝါရီနဲ့ ဧပြီလတိုင်းပို့ချမှုဟာ သူ့ရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တောင်းဆိုသူတွေကြောင့်“BEYOND SPACE AND TIME” “အချိန်နှင့်နေရာ၏ဟိုမှာဘက်” စာအုပ်ရေးသားခဲ့ပါတယ်။ “THE MOON IS NEW” “အသစ်စက်စက်လကမ္ဘာ” စာအုပ်ဟာထွက်ရှိတော့မှာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းက လူကြီးလူငယ်တော်တော်များများဟာယခု John Dobson ကြောင့် နိဗ္ဗာန်ဘုံ စကြာဝဠာကို ကိုယ်တိုင်တီထွင်ထားတဲ့မှန်ပြောင်းနဲ့ကြည့်ရှုနိုင်ကြပါပြီ။ သူ့ရဲ့အနစ်နာ၊ ဝါသနာကြောင့် ယခင်က မဖြစ်နိုင်ခဲ့တဲ့ နက္ခကြည့်မှန်ပြောင်းနည်းပညာတွေဟာ ယခုအခါမှာအများပြည်သူလွယ်လွယ်ကူကူလေ့လာ ပြုလုပ်နိုင်နေပါပြီ။

'DD'

Lets Wish for Freedom of Truth

Sunday, October 29, 2006



Lets Wish for Freedom of Truth

ကိုယ်ပိုင်သတင်းစာ

Friday, October 27, 2006



ကိုယ်ပိုင်သတင်းစာထုတ်ကြမလား။
ဒီဝဘ်ဆိုဒ်လင့်ခ်” က သဘောကျစရာလေးပါ။ ဒီဆိုဒ်မှာအခြားစိတ်ဝင်စားစရာ
tools တွေလည်းရှိပါတယ်။ အပေါ်ပုံက ဒီးဒုတ်ဘလော့သတင်းစာဖြတ်ပိုင်း-ယနေ့ထုတ်ပေါ့။
'DD'

ဦးနှောက် စုနမိ

Thursday, October 26, 2006


အသက်ပါသွားမှာစိုးလို့
သက်ပြင်းတောင် မျှင်းမျှင်းဘဲချရ
ရေများတိုင်း မိုးရွာလို့မဟုတ်ပါ
ဘောင်ဘင်ခတ် ပြည့်နေတဲ့အိုးတွေရဲ့
ထိုင်နေလို့ ဘာမှဖြစ်မလာဘူးဆိုလို့
မထိုင်ဘဲနေမိတော့..(ငါ့မှာကွယ်)
လရောင်မရှိတဲ့ညမှာ
ဦးနှောက်တစ်ခြမ်း မြင့်တက်လာပြီး
နောက်တစ်ခြမ်းကို တိုက်စားသွားငဲ့
စားသွား…စားသွား..
ဦးနှောက်စားမှုအကြီးစား..
အဲဒါ..ဦးနှောက် စုနမိ (tsunami) ပေါ့ကွဲ့။

ဒီးဒုတ်
အောက်တိုဘာ ၂၀၀၆

Blogger down

အောင်မလေး Blogger ရယ် စိတ်ကိုပူလိုက်ရတာ။
ဘာများဖြစ်လည်းလို့။ နောက်ဆို status.blogger.com ကို
ရံဖန်ရံခါကြည့်ဖြစ်အောင်ကြိုးစားမှ။
ကာတွန်းထဲကလို Google ကလူတွေ
Blogger ကိုဖျက်လိုက်ပြီလားလို့…
ဒီမှာ သတင်းတွေဗျား..
--------------------------------------------------------------------------
Blogger Status
Wednesday, October 25, 2006
We experienced an outage this evening due to a problem in our networking hardware, sigh!. This caused our users to lose access to both Blogger and BlogSpot for some time. This has been fixed and things should be back to normal.
Posted by Prashant at 20:07 PDT
We are experiencing some troubles with one filer. This affects publishing to some of the blogs and they will not be available for viewing on blogspot.

Update: The issue has been fixed. Thanks for your patience.
Posted by Prashant at 11:24 PDT
Tuesday, October 24, 2006
Tomorrow we will have an outage of 60 minutes from 2p to 3p (Pacific Time) as we perform some hardware repairs.

Update: This maintenance was completed successfully.
Posted by Pal at 15:39 PDT
‘DD’

အဆက်အစပ်မဲ့…

Wednesday, October 25, 2006


ပြုံးပျော်ချင်ရင် ဝမ်းနည်းတတ်ရမယ်…
ချစ်ခင်ချင်ရင် မုန်းမေ့ဘူးရမယ်…
လိမ္မာတတ်အောင် မိုက်မဲဘူးရမယ်..
……
ဒါဟာ…….
လောကရဲ့သစ္စာတရား..ရှိနေတယ်..

မပြေလည်တာတွေ…မမျှတတာတွေတာကြား..
ဖြစ်ချင်တာဟာ ဘဝတစ်ခုပါ………ဘဝထဲမှာ..
လောကရဲ့သစ္စာတရား ရှိနေတယ်…
(ဟေး…………………………………..)

ကိုခိုင်ထူးရဲ့သီချင်းတစ်ပုဒ်ထဲက မှတ်မိသလောက်
စာသားတွေပါ။ မကြာသေးခင်က မြန်မာ့ရုပ်မြင်သံကြား
နှစ်ပါတ်လည်မှာ သူ့သီချင်းလွှင့်တယ်။
(အပေါ်က သီချင်းတော့မဟုတ်ပါဘူး။)
သူ့ရဲ့နာမည်ကျော်ကြားခဲ့တဲ့ တေးမြုံငှက် တေးစုအကြောင်း
ပြန်စဉ်းစားမိရင်းနဲ့ …….(တေးမြုံငှက်စာသားတွေနဲ့သိတ်မဆိုင်ပါဘူး)
ပြောချင်လျှက်ပြောခွင့်မသာ
ဆိုချင်လျှက် ဆိုခွင့်မရ….ပြောရေးဆိုအပ်လှတဲ့ကိစ္စတွေကို
မြုံထား…မြိုသိပ်ထားရသူများ…
ဟူး….(သက်ပြင်းချသံ)
…နောက်ဆုံးမှာတော့…သူငယ်ချင်းတို့ရေ…
မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ပါလားကွယ်…
'DD'

RGB Color Chart

Tuesday, October 24, 2006



(click for larger view)

ဘာအတွက်ဘဲသုံးသုံး အရောင် နြီပာစိမ်း Hex တန်ဘိုးတွေ
အလွယ်တကူ ကြည့်နိုင်ဖို့ -ဒီဆိုဒ်(link)-ကရတာပါ။ Free ပါခင်ဗျာ။

'DD'

မီးမြေခွေး ၂.၀ အာရ်စီ ၃


ထွက်ပြန်ပြီ...ထွက်ပြန်ပြီ...
မီးမြေခွေး ၂.၀ အာရ်စီ ၃
အိုင်အီး ဆဲဗင်း နဲ့အပြိုင်ပေါ့။
များမကြာမီမှာ နောက်ဆုံးအဆင့် အပြီးသတ်ထွက်လိမ့်မယ်လို့
ယူဆရကြောင်းပါဗျား။
မီးမြေခွေး ကိုခုံမင်သူများ
ဒေါင်းလုတ်...ဒီမှာ..
------------------------------------------------------
ဝန်ခံပြင်ဆင်ချက်
သတင်းနောက်ကျပြတ်လပ်သွားလို့ပါ။
မီးမြေခွေး ၂ က ထွက်နေပြီဗျို့။ ဆောရီးပါခင်ဗျာ။

ဒီမှာယူလှည့်။


'DD'

ပေါက်ကရဟာသစမ်းသပ်မှု

Saturday, October 21, 2006


ပေါက်တီးပေါက်ရှာပါ သိတ်ကိုကြံကြံဖန်ဖန်နိုင်တဲ့ကိစ္စလေးတွေကအများသားကလား။
ဒီဟာက ရယ်လည်းရယ်ရ စိတ်ကသိကအောက်လည်းဖြစ်ရတဲ့ဟာသစမ်းသပ်မှုကလေးပါ။
အကြိမ်၅၀လောက်ကြိုးစားလုပ်နိုင်ရင်တော့...ဆရာခေါ်ချင်တယ်ဗျ။

၁။ ခုံမှာထိုင်ပါ။ ညာခြေကိုရှေ့ကိုဆန့်ပြီး နာရီလက်တံအတိုင်းအဆက်မပြတ်လှည့်ပါ။

တပြိုင်တည်းမှာဘဲ....

၂။ ညာလက်ကို ရှေ့ဆန့်ပြီး အင်္ဂလိပ်လို “ 6 ” ကိုအဆက်မပြတ် လေထဲမှာရေးပါ။

သင့်ရဲ့ခြေထောက်လှည့်နေတာ နာရီလက်တံအတိုင်းဘဲဆက်ဖြစ်နေမနေ...
ဘယ်လိုလဲ....ရရဲ့လားဗျ။
ဘေးဘီကြည့်ဦးနော်.....လူတွေမြင်ကုန်ရင်...အရူးထင်သွားဦးမယ်...
ဟီး ဟီး...

ံHappy Weekend...
'DD'

Online နှိုးစက်

Friday, October 20, 2006

ဒီဆိုဒ်မှာ Online နှိုးစက်ဆိုလို့ ပေါက်ပေါက်ရှာရှာကွယ်။
လွန်ခဲ့တဲ့နှစ်အတော်များများလောက်က ကွန်ပျူတာကို သုံးသုံးမသုံးသုံး၂၄နာရီလုံးဖွင့်ထားခဲ့ဖူးပါတယ်။ အဲဒီလိုဆိုရင်တော့အလုပ်ဖြစ်နိုင်သား။ Monitor ပိတ် Speaker ကို ကိုယ်နိုးလောက်မယ့် volume မှာထား။ ခုတော့ လျှပ်စစ်ပါဝါဖိုးတွေကြီးမြင့်လာတော့ သုံးမယ့်အချိန်လောက်ဘဲဖွင့်တော့တယ်။ (Energy Saving)ပေါ့။ (Alarm နာရီတွေကလည်း ခုဆိုရင်ပေါမှပေါ)။ ကြောင်တောင်တောင်တော့နိုင်တယ်ထင်ရပေမယ့် သူ့အိုက်ဒီယာလေးမဆိုးဘူးလို့လည်းယူဆမိပါရဲ့။

See: http://onlineclock.net

Bloggers are not harmful?

Wednesday, October 18, 2006

I Just want to share some words (that I like)regarding the blogging and bloggers.( I have just read at this link.)

Bloggers are not….
…perfect. Like me, they are prone to errors. We humans are creatures of emotions. That remains our strongest arrtibute and our most damning curse. We are often made to be the idiots we sometimes call others, purely because we are overcomed by emotions. Envy, hate, among some.
...................
........
a blogger, one that carries a moral, social and legal responsibility….
..............
.......

These words are copied from a flash blog (good one)which talks about Jeff ooi, a Malaysian well-known blogger. (I had met him in India in Feb,2005. I don't know him personally.)

'DD'

လူသားမျိုးနွယ်ကွဲ ၂ခု…




လူသားမျိုးနွယ်ကွဲ ၂ခု…
အာလူးဖုတ်တာလား ဟောကိန်းထုတ်တာလားတော့မသိဘူး၊ ကျွမ်းကျင်ဆရာတွေကတော့ နှစ် ( ၁၀၀,၀၀၀)တစ်သိန်းအကြာမှာ လူမျိုးနွယ်စု ၂ခုအဖြစ်ကွဲပြားသွားလိမ့်မယ်လို့ဆိုသဗျ။ လူသားမျိုးနွယ်တိမ်ကောခြင်းရဲ့အစမတိုင်မှီကလေး၊(လူ့ဘဝကို)နည်းပညာကိုသာအမှီသဟဲပြုကြရတော့မယ့် နောင်နှစ်ပေါင်း၃၀၀၀လောက်မှာ ကမ္ဘာ့လူဦးရေအမြင့်မားဆုံးအချိန်လို့ လည်းဆိုထားသေးတယ်။ ချစ်ကြင်ဖော်ရွေးချယ်ရတာခက်လာပြီး လူမျိုးစိတ်ကွဲများပေါ်ထွန်းလာစေတော့မှာဖြစ်တယ်လို့ဖြည့်စွက်ပြောဆိုထားကြပြန်ပါသေး
တယ်။ မျိုးဗီဇအထက်တန်းစားများက ကျန်းမာသန်စွမ်းမယ်၊ဥာဏ်ပညာထက်မြက်ပြီးဆွဲဆောင်မှုရှိမယ်။ မျိုးဗီဇအနိမ့်စားများကတော့ ရွဲပြီးရုပ်ဆိုးမယ်၊ သရဲသဘက်လေးပုံပေါက်မယ်လို့ပြစ်ပြစ်နှစ်နှစ်ဆိုထားသဗျ။
ဒီထက်မကအသေးစိတ်တင်ပြချက်တွေက အတော်သွေးလန့်စရာကောင်းသဗျ။ စိတ်ဝင်စားရင်တော့
BBC-ဘီဘီစီရဲ့ဒီ link မှာဖတ်ကြပါ။


'DD'

Flexuous Tree-မာယာများတဲ့သစ်ပင်

Tuesday, October 17, 2006

တတ်သလောက်မှတ်သလောက်ကြိုးစားရေးကြည့်တာပါ။
ငယ်ငယ်ကတည်းက ဘိုစာညံ့လို့ လွဲချော်နေတာတွေကို
ထိပ်ခေါက်ပြုပြင်ပေးနိုင်ပါတယ်။
Just tried to write with my socalled-english.
Pls. correct me if you find the inappropriate usage
or whatever unsuitable.

(English Version-မာယာများတဲ့သစ်ပင်)

Flexuous Tree

There was a tree...
not far from a small hill
with a reddish-brown stem, besides.
But just like a post.
The butterfly giggled...had a glance at it.
Then flee to the stream
"There were cleaner pubbles"...he said.

Two men arrived now and then.
Fell down just beside the tree
Get fast asleep.
The tongue got out as they were so weak.
Was named "The left" and "The right".
What a wise tree it is.
Had sympathy on them
And murmured softly to the men.

Oh see..the Lord gave it the chance
To stretch out the branches and bear fruits.
WHAT A HAPPY TREE!
Loads of branches and fruits.

Two fellows woke up..open their mouth wide...
The tree just chuckled..making a shake.
"The left" and "The right" started their inside out.
They snatched and ate all the fruits.
They picked all the leaves
Covering their bodies.
Layered out the bark..to make a rope.
Tied and pulled down the tree.
It murmured painfully.
iT...m U R m U r E d ....PaInfUlLy.

Took a look at the tree
The Lord just sighed.
Falling tree just had a look at the men..
What kind of fellows you are!
Then broke down by the root.

As the times flied..
The tree grew by itself
as before like a reddish-browny stem..
'OH..NO'.....his wish never filled
WHAT A TREE!
Load of branches and fruits..AGAIN!
There were things he could..
He knew it.

Coiled the stem..thichened the bark...
with full of spikes.
With brittle leaves and bittered fruits.
Winding the branches.....so chaotic as much as it could.
Took a look at the tree
The Lord just sighed.

***********************************************
Written in remembrance of timber works and natural resources in
especially for the (LDC)countries with certain natural reserves
which are surrounded by resource-hunry countries

***********************************************
'DD'

Google cartoon

Monday, October 16, 2006


အခုတလော google က ဟိုဟာဝယ်ဒီဟာဝယ်တွေကြားနေရတယ်။ ယခင်က အကြီးမားဆုံးလို့ယုံကြည်ထားရတဲ့ Microsoft တောင်မှ ချွေးတဒီးဒီးကျအောင် google နဲ့အပြေးလိုက်နေရပြီ။ ဒီကာတွန်းကတော့ ပြုံးချင်စရာပေါ့။ ကဲ blogger တွေ ရေးထားကြနော်။ တော်ကြ google ယောင်ပြီးမှားဖျက်မိတဲ့အထဲပါသွားရင် စိတ်ပိန်စရာတော့အကောင်းသားဗျ။ ကာတွန်းဆရာက Dave Walker ပါ။

'DD'

လျှို့ဝှက်ထားချင်တဲ့ text file

Hiding staff file can not be seen here anymore.
(If you want to see it, pls. go to Techtray.
Credit goes to James@Link to us!

'DD'

ငွေတစ်ဆယ်ဘယ်လောက်လဲ

Wednesday, October 11, 2006












၁၉၄၇ က ငွေတစ်ဆယ်နဲ့ ၁၉၉၆ ထုတ်ငွေတစ်ဆယ်
ကိန်းဂဏန်းချင်းတူပေမယ့် တန်ဘိုးချင်းတော့မတူဘူးထင်တယ်နော်။
ဒီဝဘ်ဆိုဒ် မှာ မြန်မာပြည်မြေပုံနဲ့ ခေတ်အဆက်ဆက်သုံးစွဲခဲ့တဲ့
ငွေစက္ကူတွေကြည့်ရှုနိုင်ပါတယ်။
source: http://aes.iupui.edu/rwise/countries/burma.html



'DD'

မာယာများတဲ့သစ်ပင်




သစ်ပင်တစ်ပင်ရှိခဲ့တယ်။
ဟိုးက တောင်ကုန်းမို့မို့လေးနံဘေးမှာပေါ့။
ပြီးတော့ နီညိုရောင်ပင်စည်ချောမွတ်မွတ်လေးနဲ့။
ဒါပေမယ့် တိုင်တစ်တိုင်လိုဘဲ...
လိပ်ပြာက တဝင့်ကြည့်တယ်...
မခိုးမခန့် ခပ်ဟစ်ဟစ်ရယ်လို့
အဝေးက စမ်းချောင်းကလေးဆီထွက်သွားတယ်။
အဲဒီမှာက ကျောက်စရစ်ခဲဖြူဖြူလေးတွေရှိတယ်ဆိုဘဲ...

လူနှစ်ယောက်ရှေ့နောက်ဆင့်ရောက်ခဲ့တယ်
သစ်ပင်နားရောက်တော့ သကောင့်သားများလှဲကျ
စက်တော်ခေါ်ကြပါကောလား။
အားအင်တွေချည့်နဲ့နေကြလွန်းလို့
လျှာတရွတ်တိုက်တောင်ကျနေသေးတယ်။
သစ်ပင်ကတော့ နာမည်တွေတောင်ပေးလိုက်သေးတယ်။
“ဝဲ” နဲ့ “ယျာ” တဲ့
အတော်စိတ်ကူးကောင်းတဲ့သစ်ပင်ဘဲနော်။
ဂရုဏာသက်မိလွန်းလို့ စုတ်တသပ်သပ်နဲ့..

ဘယ်နေနိုင်တော့မှာလဲ...ဘုရားသခင်က
သစ်ပင်ကို အကိုင်းအခက်တွေ
အသီးအပွင့်တွေသီးပွင့်ခွင့်ပေးလိုက်တယ်။
ပီတိတွေတလှိုင်ကြီးနဲ့ သစ်ပင်ဟာ
တစ်ခါတည်း သီးပွင့်ဆန့်ထုတ်ပြစ်လိုက်တာ
ဘာပြောကောင်းမလဲ ထောင်းလမောင်းကိုထနေတာဘဲတဲ့။
........
.......
နှစ်ယောက်သားနိုးထလာခဲ့ကြတာ ပါးစပ်အဟောင်းသားနဲ့ပေါ့။
သစ်ပင်ကတော့ ခပ်ညင်းညင်းရယ်နေတယ်
သူ့ရဲ့အကိုင်းအရွက်တွေတောင် ဝေ့နေအောင်လှုပ်ပြလိုက်သေးတယ်။
အဲဒီမှာတင် “ဝဲ” နဲ့ “ယျာ” ဟာဇာတ်လမ်းစတော့တာကလား..
အသီးတွေအကုန်ခူးစားပြစ်လိုက်တယ်။
အရွက်တွေခူးပြီးသူတို့ရဲ့ကိုယ်မှာကာကွယ်ဝတ်ဆင်ပြန်တယ်။
အခေါက်ပါးပါးလေးတွေကို တစ်လွှာချင်းခွာပြီး ကြိုးတွေလုပ်ကြတယ်။
သစ်ပင်ကိုချည်နှောင်ကြပါကောလား။ ပြီးတော့ ဆွဲပြီးလှဲချကြတယ်။
စုတ်တသပ်သပ်နဲ့သစ်ပင်ဟာ ဒီတစ်ခါတော့နာကျင်လွန်းလို့ပါ။
.....
........
ဘုရားသခင်ကသက်ပြင်းလေးတွဲ့တွဲ့ချပြီး
သစ်ပင်ကိုကြည့်နေရတာပါဘဲ။
တဖျစ်ဖျစ်နဲ့ပြိုလဲကျနေတဲ့သစ်ပင်ဟာ
ခပ်စွေစွေလေးဘဲ “ဝဲ” နဲ့ “ယျာ” ကိုကြည့်နေနိုင်ရှာတယ်။
လုပ်ရက်ပါပေတယ်မောင်ရင်တို့ရယ်ပေါ့။
နောက်တော့ အမြစ်ခြေရင်းမရောက်တရောက်လောက်ကဘဲ
ကျိုးကျသွားခဲ့ရတယ်။
........
.....
ဒီလိုနဲ့ဘဲ ကာလတော်ကြာတော့
ကိုယ်ထူကိုယ်ထနဲ့ဘဲ သစ်ပင်ဟာ ပြန်လည်ရှင်သန်လာခဲ့တယ်။
သူဟာယခင်ကလိုဘဲ
နီညိုရောင်ပင်စည်ချောမွတ်မွတ်လေးဖြစ်ချင်နေခဲ့တယ်။
သူ့ဆန္ဒမပြည့်ရှာပါဘူး...
မကြာခင်မှာ အကိုင်းအရွက်တွေ
နောက် အသီးအပွင့်တွေ ဝေဆာလာပြန်တယ်။
ဒါပေမယ့် သူတတ်နိုင်တာတွေရှိနေတယ်ဆိုတာ
သစ်ပင်သိလာခဲ့တယ်။
......
..............
ပင်စည်ကို အတတ်နိုင်ဆုံးတွန့်ခေါက်ပြီး...
သစ်ခေါက်တွေထူထည်းမာကျောပြစ်လိုက်တယ်။
ဆူးမာမာချွန်ချွန်တွေတောင်ညှစ်ထုတ်လိုက်သေး။
အရွက်တွေကြွတ်ဆတ်...အသီးတွေအစွမ်ကုန်ခါးသက်ပြစ်လိုက်တယ်။
အကိုင်းတွေကို မီးကုန်ယမ်းကုန် ရှုတ်ထွေးစေပြန်သေးတယ်။
ဘုရားသခင်ကသက်ပြင်းလေးတွဲ့တွဲ့ချပြီး
သစ်ပင်ကိုကြည့်နေရတာပါဘဲ။..

********************************************************
အထူးသဖြင့် သယံဇာတဆာလောင်နေတဲ့ နိုင်ငံတွေဝိုင်းဝန်းနေတဲ့
ဖွံ့ဖြိုးမှုအလွန်နည်းပါးသေးသော်လည်း
သယံဇာတ အနည်းအကျင်း ကျန်ရှိနေသေးတဲ့ နိုင်ငံတွေက
သစ်လုပ်ငန်းတွေအကြောင်း
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေ
ခံစားမိလို့ ရေးမိတာပါ...
********************************************************

'DD'

Bloggerပြုကုသိုလ်များ



လူ့ဘဝမှာဘာတွေကောင်းမှုပြုခဲ့ဘူးပါသလဲ။
ဒီကာတွန်းလေးထဲကအတိုင်းဆို Blogger တွေဝေမျှခဲ့သောကောင်းခြင်းတွေက အများသား…
….(နိဗ္ဗာန်အကျိုးမျှော်ကိုးပြီး နှိုးဆော်ချင်ပါတယ် အဟီး…share ကြ shareကြ)

'DD'

Good Clock

Tuesday, October 10, 2006

လူတွေနဲ့တည်ဆောက်ထားတဲ့နာရီကိန်းဂဏန်းများ






Credit: original pictures creator
(The pictures are probably not GPL).

'DD'

မြောက်ကိုရီးယားရဲ့နျူကလီးယား

Monday, October 09, 2006








ကြည့်ပါဦးဗျာ…လူပုံစံကိုက…
နျူကလီးယားလက်နှက် မြေအောက်မှာအောင်မြင်စွာစမ်းသပ်ဖောက်ခွဲပြီးစီးသွားပြီဆိုပါလား။ (တောင်ကိုရီယားထောက်လှမ်းရေးအဖွဲ့တာဝန်ရှိတွေရဲ့အဆိုအရတော့ မနေ့ကမနက် ၁၀း၃၆ နာရီလောက်မှာစမ်းသပ်ခဲ့တယ်ဆိုပါတယ်)။ မြောက်ကိုရီးယားရဲ့ ဗဟိုသတင်းအဖွဲ့ကတော့ “ကိုယ်အားကိုယ်ကိုး ကာကွယ်ရေးစွမ်းရည်ရရှိတာဟာသမိုင်းဝင်ဖြစ်ကြောင်း ပြည်သူလူထုဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါးပါသည်” ဟုကြေငြာသကိုးဗျ။
နောက်ဘာတွေများဆက်လုပ်ဦးမလဲမသိဘူးနော်။



(Kim Jong-Ii ကင်ဂျုံအီ မွေးဖွားချိန် ၁၉၄၂ ဖေဖော်ဝါရီ ၁၆ရက် သူ့ရဲ့ဇာတိမှာ သိပ်တောက်ပတဲ့ကြယ်တစ်စင်းနဲ့ သက်တန့်နှစ်ခု တစ်ပြိုင်တည်းပေါ်ထွန်းခဲ့တယ်လို့ ပြုံယမ်းသတင်းအရဆိုထားပါတယ်။ လေ့လာသူတွေကတော့ သူ့ဖခင် စစ်အတွင်း ရုရှားမှာရှိနေစဉ် အဲဒီမှာမွေးတယ်ဆိုပြန်ပါတယ်။ US သမ္မတ ဘုရှ်ကတော့ pygmy လူပုကလေးလို့သမုတ်ဘူးပါတယ်။)



'DD'

ကိုယ့်ကိုယ်ကို ပုံဖော်ကြည့်ချင်သလား

Sunday, October 08, 2006


meez.com ဆိုတဲ့ဆိုက်ဒ်မှာ စမ်းသပ်ကြည့်တဲ့ ကျွန်တော့်ပုံပေါ့...
ဆံပင်ပုံ၊ မျက်နှာ၊ အဝတ်အစား၊ နောက်ခံ၊ ...စသဖြင့်စိတ်ကြိုက်
ပြောင်းနိုင်ပါတယ်။ ခင်ဗျားတို့အပျင်းပြေသွားစမ်းနိုင်ပါတယ်...
Sun JRE တော့ Install လုပ်ထားဖို့လိုလိမ့်မယ်။
original က animated gif ပါ။ bloggerက png ပြောင်းလိုက်လို့
still ပုံဖြစ်သွားတာပါ။
Happy weekend!

'DD'

ကျောက်ခေတ်တက္ကသိုလ်

Saturday, October 07, 2006



၂၁ရာစုလေ့လာသင်ယူခြင်းတွေနဲ့စိတ်ညစ်နေပါသလား။
ကျောက်ခေတ်တက္ကသိုလ်ကတော့ ကျွန်တော့်အကြိုက်ပေါ့...
ဒီကာတွန်းလေး ပြုံးစရာပါ။

'DD'

တွေးဖြစ်သောအကြောင်းအချို့

Friday, October 06, 2006

တွေးဖြစ်သောအကြောင်းအချို့ဆိုလို့ အထွေအထူးတော့မဟုတ်ပါဘူး။
ယခင်ဖတ်ဘူးတဲ့ စာနည်းနည်းရယ် အတွေးတစ်ချို့ရယ်ပါ။
ဟိုတလောက ရန်ကုန်တက္ကသိုလ်ကို ရောင်းမလိုလို၊ငှားမလိုလို
သတင်းတွေတော့အကြားသား။ တကယ်ဆိုရင်တော့စိတ်မကောင်းစရာပါ။
ဒါကြီးက လွယ်လွယ်နဲ့တည်ဆောက်ခဲ့တာမှမဟုတ်ဘဲ။ လူထုဦးလှရေးသားခဲ့တဲ့
"ကျွန်တော်ဗျူရိုကရက်" ဆိုတဲ့ အတ္ထုပတ္တိပုံစံစာအုပ်ထဲမှာ ရန်ကုန်တက္ကသိုလ်ကို
ဆောက်ခဲ့စဉ်က တောင်သူလယ်သမားတွေရဲ့ချွေးနဲစာကိုလောင်းကစားဝိုင်းတွေဖွင့်ပြီး
မတရားအကောက်တွေရယူပြီးမှ ဖော်လံဖားတဲ့အနေနဲ့ အင်္ဂလိပ်ဘုရင်ခံအထိမ်းအမှတ်ပုံစံ
ဆောက်လုပ်ခဲ့တယ်လို့ဖတ်ရှုဘူးပါတယ်။ မြန်မာပြည်လွတ်လပ်ရေးသမိုင်းကြောင်းရဲ့
ပုံရိပ် တော်တော်များများဟာ ရန်ကုန်တက္ကသိုလ်ထဲမှာ အထင်အရှားရှိနေတယ်ဆိုတာ
ငြင်းလို့မရပါဘူး။ သစ်ပုတ်ပင်၊ အင်းလျား နဲ့ ဂျဒ်ဆင် ဆိုတာတွေက
ယနေ့ကျောင်းသားလူငယ်တွေနဲ့ မဆိုင်တော့သလိုပါဘဲ။
ဒါတွေနဲ့အတူ ပညာရေးစံနစ်ကြီးကလည်း ဝေဝါးနေပါတယ်။

'DD'

ဂရပ်ဖစ် စမ်းသပ်ခြင်း

Thursday, October 05, 2006

Click to View Original size

ကိုလင်းဆက်၊ မောင်လှ site တွေက Tutorial တွေကြည့်ပြီး အားကျလာတာနဲ့
Photoshop CS မရှိလို့ Ver7 နဲ့ဘဲ စမ်းကြည့်တာပါ။
Tutorial ကတော့ ဒီ link မှာပါ။
ကိုယ့် Blog ပေါ်သုံးဖို့ မရည်ရွယ်ပါဘူး။
စမ်းသပ်ကြည့်ရုံ သက်သက်ပါ။ တတ်သလောက်မှတ်သလောက်လုပ်ထားလို့
ကျွန်တော့်ပုံထွက်က မူလသင်ခန်းစာရဲ့ပုံထွက်လောက်မကောင်းပါဘူး။

'DD'

မီးလျံမြေခွေး ၂.၀ အာရ်စီ ၁


Mozilla က မီးလျံမြေခွေး Firefox ver 2.0 rc1 ထွက်ပြီလို့ပြောပါတယ်။
မီးလျံမြေခွေး သုံးသူများ ဒီလင့်မှာ သွားဆွဲချပြီး သုံးကြပါ။

'DD'

မြောက်ကိုရီးယား နဲ့ 'နျု့'

No Nuke


Pic: Toshiko Hara

မြောက်ကိုရီးယားဟာ ဘယ်တော့လို့မပြောပေမယ့်
နျူကလီးယားစမ်းသပ်တော့မှာလို့ လေသံပစ်နေပါပြီ။
ဒါတောင် ၂၀၀၅ စက်တင်ဘာတုံးက 'နျု့' နဲ့ အဆက်
ဖြတ်ပါတော့မယ်လို့ အပေးအယူ မျှခဲ့ပြီးသားပါ။
အခုတစ်မျိုး တော်ကြာတစ်မျိုးပါလား 'ကိုရွှေပြုံယမ်း' ရယ်။
ဒီနှစ် ဇူလိုင်လကလည်း နျု့ တပ်ဆင်နိုင်တဲ့ ဒုံးပျံတွေ
ဟိုနားဒီနားခွဲပြလိုက်သေးသဗျ။
ဂျပန်၊တရုတ် နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ
ချွေးစို့ခေါင်းစား ကြတော့မယ်။ သူတို့ရဲ့ အနီးဝန်းကျင်
မှာကိုးခင်ဗျ။ အာရှနိုင်ငံတော်တော်များများကတော့
"မလုပ်ပါနဲ့ ဦးလေးရယ်.." လေသံပျော့လေးနဲ့ပေါ့။
ဆရာကြီး အန်ကယ်ဆမ် (U.S)ကတော့ ဖြတ်မယ် တကဲကဲ
ပေါ့ (စီးပွားရေး ...စီးပွားရေး...)။
ဘာဘဲဖြစ်ဖြစ် တဇောက်ကန်းတွေ အုပ်ချုပ်နေရင်တော့...
ဘယ်သူတွေဘာဘဲပြောပြော...သူကြိုက်တာသူလုပ်နေရင်...
အပြစ်မဲ့ပြည်သူတွေဘဲ သေကျေရင်ကျေ..ဒါမှမဟုတ်လည်း..
ဒုက္ခဆင်းရဲတွင်းနက်နေကြဦးမှာပေါ့ခင်ဗျာ။

'DD'

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ်

Tuesday, October 03, 2006


၁ ဇန်နဝါရီ ၂၀၀၇ မှာ ကိုဖီအာနန်ရဲ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နေရာကို တောင်ကိုရီးယားက Ban Ki-Moon ဘန်ကီမွန် နဲ့အစားထိုးတော့မှာ သေချာသလောက်ရှိသွားပါပြီ။

ပြင်ဆင်ချက်။ ။ Mr. Ban ဟာအရွေးချယ်ခံရဖို့ သေချာသလောက်ရှိတာပါ။ လုံခြုံရေးကောင်စီဝင်နိုင်ငံ အများစုကထောက်ခံမှုရရှိထားတယ်လို့ဆိုပါတယ်။

'DD'

ဘာမှဆက်မပြောပါရစေနဲ့တော့ဗျာ

Sunday, October 01, 2006

မကြာခင်က ဘီဘီစီ မှာ ရွှေနိုင်ငံကြောင်းပြသွားပါတယ်။
ဘီဘီစီ အာရှသတင်းထောက် အင်ဒရူးအာဒင်က တိုးရစ်စ် တစ်ယောက်လို
လည်ပတ်သွားရောက်ခဲ့ပြီး တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။
သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း ရဲ့ကျန်းမာရေး အခြေအနေ
ကိုမြင်ရတာ အတော့ကို ဂရုဏာဖြစ်မိပါတယ်။
(သူဟာ အသက်ရှူလမ်းကြောင်းနဲ့ပါတ်သတ်တဲ့ရောဂါရှိတယ်ထင်ပါတယ်၊
အောက်စီဂျင် ရှူနေရပါတယ်။)
"လူထုဟာအစဉ်ဖိနှိပ်မှုတွေခံစားနေရတယ်"
"ကျွန်တော်နောက်နှစ်အများကြီးနေရမှာမဟုတ်တော့ပါ။
ဒီစကားတွေကြောင့်(BBC မှာပြောမိလို့) ထောင်ထဲမှာသေရနိုင်ပါတယ်....
....အပြင်မှာသေတာနဲ့ထောင်ထဲမှာသေတာ နှစ်မျိုးဘဲဖြစ်နိုင်ပါတယ်"
ကိုသူရ (ဇာဂနာ) ကလည်း တားမြစ်ပိတ်ပင်မှုတွေကြားကဘဲ
သူ့ရဲ့ ပြက်လုံးတွေနဲ့ ပြည်သူလူထုကို အသိနိုးကြားစေခဲ့တယ်လို့ဆိုပါတယ်။
ဆေးရုံတစ်ခုက ကျန်းမာရေးဝန်ထမ်းတစ်ချို့၊ လမ်းဘေး လ္ဘက်ရည်ဆိုင်မှာ
လူငယ်တစ်ချို့တို့နဲ့လည်းတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသေးတယ်။
ဘယ်သူတွေ ဘာဘဲပြောပြော၊ ဘယ်သူကမှန်တယ် မမှန်ဘူးဆိုတာထက်
လက်ရှိအနေအထားမှာတော့ မြန်မာဟာ အခြားအာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင်
အဘက်ဘက်မှာ အများကြီးနောက်ကျကျန်နေတယ်ဆိုတာကတော့...
.............
အင်း.....ဘာမှဆက်မပြောပါရစေနဲ့တော့ဗျာ....X(
'DD'

မတ်တပ်ရပ် ရှုးရှုးမပေါက်ရ

Friday, September 29, 2006

နော်ဝေနိုင်ငံက “Dvergsnes School” ဗါ့ဂ်စ်နက်စ် ကျောင်းမှာ ယောက်ျားလေးတွေမတ်တပ်ရပ် ရှုးရှုးမပေါက်ရလို့ စည်းကမ်းထုတ်ပြန်ထားပါသတဲ့။ ဒါကိုအကြောင်းပြုပြီးနိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်များကတောင် “ယောက်ျားလေးတွေ ဒီလိုပြုလုပ်တာသဘာဝဘဲဗျ။ ဒါကိုတားမြစ်တာက ဘုရားသခင်(ဖန်ဆင်းထားတာ)ကို ကဖျက်ကရက်လုပ်သလိုဘဲ။ မိန်းကလေးတွေလို ထိုင်စရာမလိုပါဘူး ဒါ လူ့အခွင့်ရေးပါဗျ။” လို့ပြောတာကို သတင်းစာတွေမှာဖော်ပြကြပါရောလား။ ကျောင်းအုပ် “Lise Jul” လစ်ဆယ်ဂျုလ် ကတော့ဘာမှ ပြန်မချေပ ဘူး။ ဒါပေမယ့် ရုပ်သံလွှင့်ဌာနမှာတော့
“ကျောင်းကအိမ်သာတွေဟာ ယောက်ျားလေး၊မိန်းကလေး အတူတူသုံးကြတာဖြစ်လို့
သန့်ရှင်းကောင်းမွန်စေချင်လို့ပါ။ ယောက်ျားလေးတွေဟာ
(အပေါ့သွားလျှင်)တည့်အောင်မချိန်နိုင်ကြဘူး။” လို့ပြောခဲ့ပါတယ်။
ဪလူ့အခွင့်အရေး…..လူ့အခွင့်အရေး……..
နော်ဝေ မူရင်းသတင်း
အင်္ဂလိပ်သတင်း


‘DD’

ဘလော့ဂါ၊ လူ့စိတ် နဲ့ %*^*(&^*&%*

Thursday, September 28, 2006
















အခုအချိန်၁၀မိနစ်လောက်ရတာနဲ့ Blogger NextBlog ခလုတ်ကိုနှိပ်လိုက်တာပထမ Spanish, နောက် Portuguese, German, Japan, English, Englishblogs တွေပေါ်လာတယ်။ နောက်ဆုံး တစ်ခုထဲက movie clip ကိုကြည့်မလို့ကလစ်လုပ်လိုက်တော့ ဖိုင်က bestsharing.com ဆိုတဲ့နေရာမှာပါကလား။ဒါနဲ့ဘဲ movie clip ကိုစိတ်မဝင်စားတော့ဘဲ Bestsharing site ကိုဘဲစိတ်ဝင်စားသွားတယ်။ ဪ လူ့စိတ်...လူ့စိတ်..။ ၁၂၅ မဂ္ဂါဘိုက် ၃ ဖိုင်တင်ခွင့်ရှိတယ်ဆိုပါလား။ Bestsharing site အကြောင်းကိုလည်းပြောရင်း (မသိသေးရင်ပေါ့)Biz Stone ရဲ့ "Genius Strategies for Instant Web Content" စာအုပ်ကိုတင်လိုက်တယ်။ Download လုပ်ပြီး မြည်းစမ်းကြည့်ကြပေါ့။ (စကားဝှက်: sirdee)

စာရေးသူကို တော့ ဗဟုသုတအသိဥာဏ်ငတ်မွတ်တဲ့ မြန်မာ ဘလော့ဂါတွေကိုIntellectual Property တွေ Copy right တွေ ခဏဘေးချိတ်ထားခွင်ံပြုပါလို့ပန်ကြားပါရစေခင်ဗျား။
စကားဝှက် တော့ထည့်ထားပါတယ်။
(NSL blog မှာလည်း ဖိုင်sharing site တွရှာဖွေတွေ့ရှိနိုင်ပါတယ်။)

'DD'