မောင်ဒီး update

Sunday, December 24, 2006

မရေးဘူးမဖတ်ဘူးဆိုပေမယ့် မနေနိုင်ဘူး။ အိမ်မှာရှိတဲ့AccessKitလေးနဲ့ ဟိုဟိုဒီဒီ
ယောင်တောင်တောင်နဲ့ရောက်ခဲ့ပြန်ရော။ ရန်ကုန်မှာ အားလပ်ရက်တွေ အိပ်အိပ်စားစား
မောင်ဒီးမနေတတ်မထိုင်တတ်နဲ့။ (အားလပ်ရက်မတိုင်မီက မောင်ဒီးက မြန်မာပြည်မှာ
မနေဘူး...)
ဒီကနေ့ MICT Park သို့မဟုတ် Myanmar Info-Tech ကို မောင်ဒီးရောက်သွားတယ်။
Project ပြိုင်ပွဲဆိုလား ဈေးရောင်းပွဲဆိုလား အတော်လူစည်တာဘဲ။
ကျောင်းစိမ်းလေးတွေ လာပြိုင်ကြတာတွေ့တယ်။ ဘာတွေပြိုင်လဲတော့မသိဘူး။
မောင်ဒီးသူငယ်ချင်းတွေတွေ့တယ်။ သူတို့မပျော်ရွှင်ကြဘူးတဲ့။
အလုပ်မဖြစ်ဖြစ်အောင်လုပ်နေ
ကြရတယ်တဲ့။ (အလုပ်ဖြစ်တဲ့ အနည်းအကျဉ်း လူစုတော့ရှိတာပေါ့လေ။ တော်ကြသနော..)
၂နာရီလောက်ဟိုဟိုဒီဒီကြည့်ပြီးမောင်ဒီးပြန်လာခဲ့တယ်။

'DD'

Merry X'mas and Happy New Year'07

Tuesday, December 19, 2006

သူငယ်ချင်းတို့ မိတ်ဆွေတို့...
ဒီးဒုတ် X'mas အားလပ်ရက်တွေမှာ အသိုက်မြုံလေးထဲအိပ်နေမှာမို့လို့
ဘလော့ဂ်ရေးတာဖတ်တာ ခဏနားထားဦးမယ် ...
 
'DD'

သင်ခန်းစာ ၁၂/၂၀၀၅

Thursday, December 14, 2006

စကားမစပ်ပြောရဦးမယ်။.....
မောင်ဒီးကအိမ်ကိုစာပို့ပုဂ္ဂိုလ်ရောက်လာရင် ခပ်ကြောက်ကြောက်ဘဲ။ အထူးသဖြင့်
ရီဂျစ်စတာလုပ်ပြီး ခန့်ခန့်ထည်ထည် A4ဆိုဒ်လောက်ရှိတဲ့စာအိတ်တွေရောက်လာရင်
စာပို့ငနဲက လ္ဘက်ရည်ဘိုးမရရင်မပြန်ချင်ဘူး။ အထဲမှာ ဘာပါလဲသူသိတာမဟုတ်။
အများအားဖြင့် မောင်ဒီးရတဲ့အဲဒီလိုစာအိတ်ထူထူတွေက အလကားရတဲ့ စာစောင်တို့၊
သတင်းဂျာနယ်တို့များတယ်။ အဲ...ပိုကြောက်စရာကောင်းတာက ဘာစာအိတ်မှမပါဘဲ
ဖြတ်ပိုင်းပိစိလေးနဲ့ “စာတိုက်ကြီး စင်အမှတ် ဘယ်လောက်မှာ စာရောက်နေသည်
လူကိုယ်တိုင်လာရောက်ရွေးယူပါဆိုရင် စိတ်ကိုပျက်ကရောဘဲ”။ စာပို့လည်းအဲဒါမျိုး
လာပို့ရရင်သိတ်မကြည်ဘူး သူလ္ဘက်ရည်ဘိုးတောင်းလို့မရတော့ဘူးမှုတ်လား။
(ဧည့်ခန်းမှာခေါ်ပြီး လ္ဘက်ရည်ကောင်းကောင်းဖျော်တိုက်ရင်လည်းမကြိုက်ပြန်ဘူးဗျ)
ဒီအကြောင်းပြောမိသွားရတာကလည်း ဒါနဲ့ဆက်စပ်ပြီးတစ်ခုသတိရမိသွားတာနဲ့
ပြန်ရင်ဖွင့်ချင်တာလေးရှိလို့။
တရံရောအခါက မောင်ဒီးကိုလိပ်မူပြီး ပါဆယ်တစ်ခုရောက်တဲ့အကြောင်း စာတိုက်
ကနေ ဖြတ်ပိုင်းလေးရောက်လာတယ်။ (နိုင်ခြံဂါး...အဲလေ နိုင်ငံခြားက ပါဆယ်
လာရင် ဒီလိုဘဲရကြလေ့ရှိတယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ကမ်းနားလမ်း ထောင့်က
ဆက်သွယ်ရေးစာတိုက်ဌာနမှာ သွားထုတ်ရတယ်)။ အဲဒီတော့ မောင်ဒီးက ဘယ်သူ့
ဆီကလဲ ဘာတွေပို့လိုက်တာလဲပေါ့။ နိုင်ခြံဂါး ကလာတဲ့အထုတ်ဆိုတော့ စိတ်ဝင်
တစားဖြစ်ပြီး မနက်ခပ်စောစောထဲက သွား၊ ရောက်တော့ ဟိုမေးဒီမေးနဲ့ နာရီဝက်
လောက်ကြာတော့မှ ကိုယ်စာအိတ်ထုတ်ယူရမယ့်နေရာကိုရောက်သွားတယ်။
(သေချာချင်ရင် ရုံးဝန်ထမ်းတွေမေးတာထက် ပွဲစားလိုလို အကျိုးဆောင်လိုလို
ကိုမေးလိုက်တာ အဖြေချက်ချင်းရတယ်။ ပစ္စည်းထုတ်ပေးရမလား ဘာပို့ချင်လို့လဲ
စသဖြင့်သူတို့ဈေးခေါ်တာတော့ငြင်းပေါ့ဗျာ။) မောင်ဒီးကလဲ ပွဲစားအားမပေးချင်တာထက်
ကိုယ်တိုင်သိချင် လုပ်ချင်တာကြောင့် ကိုယ့်ဘာသာရွေးမယ်ပေါ့။ကောင်တာကိုရောက်တော့
အသက် ၄၀ ဝန်းကျင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတွေ့တယ်။ သူညွှန်ပြတဲ့နေရာမှာထိုင်စောင့်
ခိုင်းတာနဲ့ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်စောင့်တယ်။ ရှေ့မှာ တစ်ယောက်က နိုင်ငံခြားက
ပို့လိုက်တဲ့ဆေးတွေနဲ့တူတယ်...အဲဒါတွေထုတ်ဘို့ဈေးညှိနေတယ်။
ပစ္စည်းထုတ်ရင် ဈေးဖြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကဘယ်လောက်ကျတယ်ဆိုတာ
ဈေးဖြတ်ပေးတယ်။ အဲ...မောင်ဒီးအလှည့်ရောက်တော့ဖောင်တွေဟိုဖြည့်ဒီဖြည့် ဖြည့်
ပြီးတော့နိုင်ငံသားစိစစ်ရေးကဒ်လဲပြရတယ်။ နောက်တော့ မိနစ်၂၀လောက်စောင့်ရ
ပြန်ရော။မောင်ဒီးစိတ်မရှည်လို့မေးကြည့်တယ်။ အစ်မရယ်...ကျွန်တော်ယူလာတဲ့ဖြတ်ပိုင်း
မှာ “စင်အမှတ် ဘယ်လောက်မှာ ရှိတယ်ဆိုတာပါတယ်...အဲဒီမှာသွားယူလိုက်ရင်ရပြီ
မဟုတ်လား ဘယ်မှာသွားရှာနေရလို့ကြာတာလဲ” လို့လျှာသွားရှည်လိုက်မိတယ်။
စင်အမှတ်ပါတာက ပါတာဘဲ ဒီလိုဘဲရှာရတာကရှာရတာဘဲတဲ့...ကောင်းရော။
ဟော..စာအိတ်ထုတ်ယူလာပါပြီ။ စာအိတ်ကဖွင့်ကြည့်ထားပြီးသား။ ဝန်ထမ်းမိန်းမက
ပြောတယ်...စီဒီတွေပါတယ်တဲ့ စိစစ်ရေးတင်ရမယ်၊ ဟိုဘက်အဆောက်အဦးက
စိစစ်ရေးဌာနမှာ အစိစစ်သွားခံရမယ်တဲ့။ မောင်ဒီးနိုင်ငံသားကဒ်ကိုယူထားလိုက်ပြီး
အထုတ်ကိုသွား စိစစ်ခံခိုင်းတယ်။ အဲဒီတော့မှ မောင်ဒီ စီဒီတွေထုတ်ကြည့်မိတယ်။
ထုံးစံအတိုင်းပေါ့ အလကားရတဲ့ newsletter/free software တွေပါတဲ့ စီဒီနှစ်ချပ်နဲ့
ဆက်စပ်သတင်းစာစောင် ၂စောင်လောက်ပါတယ်။ အစ်မရယ် ဒါတွေက အလကား
ရတဲ့ ပညာရေးနဲ့ဆိုင်တဲ့အရာတွေပါဆိုတော့ “မလိုချင်ရင် မထုတ်တော့ဘူးဆိုတဲ့
အကြောင်း လက်မှတ်ထိုးပြီး ထားခဲ့လို့ရပါတယ်တဲ့” ခပ်ညင်းညင်းလေးပြန်ပြောသဗျ။
စိတ်တစ်ချက်ခုသွားပြီးတော့ ထားခဲ့လိုက်တော့မလို့ဘဲ။ (ဟုတ်တယ်လေ အဲဒါတွေက
တခြားမှာ ရှာရင်လဲ ရပါ့။)။ ဒါပေမယ့် ပို့ပေးတဲ့သူတွေကိုအားနာတာကြောင့် ထုတ်သွား
မယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ စိစစ်ရေးဆိုတဲ့နေရာရောက်သွားတယ်။ ပထမ
စားပွဲတစ်ခုမှာ စာရင်းသွင်းပြီး လက်မှတ်ထိုးရတယ်။ နောက်အတွင်းဘက်ခပ်ကျကျ
စားပွဲမှာ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တစ်ယောက်ထံသွားရတယ်။ ပုံပန်းကတော့ နေ့စဉ်အတော်
အသောက်ကျူးထားလို့ မျက်နှာခပ်နီအစ်အစ်ဘဲ။ ပစ္စည်းတွေကို တစ်ချက်ထုတ်ကြည့်
ပြီး ရှောရှောရှူရှူ လက်မှတ်ထိုးပေးတယ်။ စိတ်ထဲမှာတော့ ဒီဌာနဘယ်ဆိုးလို့လဲပေါ့လေ။
ဒါနဲ့ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်မယ်လုပ်တော့ အဲဒီပုဂ္ဂိုလ်က “နှစ်ရာကျတယ်”တဲ့။
(အဲဒီတုံးက လ္ဘက်ရည်တစ်ခွက် တစ်ရာလောက်ရှိမယ်ထင်တယ်)။ ကောင်းရောကွာ။
အဲဒါနဲ့ ခပ်မြန်မြန်နဲ့ထုတ်ပေးပြီး မူလဌာနဘက်ပြန်လာခဲ့တယ်။ စောစောကဝန်ထမ်း
အမျိုးသမီးကိုပြန်ပြ ပြီးနိုင်ငံသားကဒ်ပြန်ယူ။ ပြီးတော့ ဈေးနှုန်း(သူတို့အပြောအရတော့
custom duty အခွန်တဲ့) ဖြတ်ပေးတဲ့လူကိုတစ်ခါစောင့်ရပြန်တယ်။ ပြီးတော့ မလှမ်းမကမ်း
ကကောင်တာမှာ ငွေသွားသွင်းရတယ်။ ၇၀၀-၈၀၀ လောက်ကျတယ်ထင်တယ်။
အဲဒါနဲ့ မောင်ဒီးလျှာထပ်ရှည်ပြန်ရော။ အလကားရတဲ့ပစ္စည်းဘဲ ပညာရေးနဲ့သက်ဆိုင်တယ်
ပြီးတော့ စိစစ်ရေးကလည်း ကင်းလွတ်ပေးပြီးပြီ ဘာလို့ငွေသွင်းရတာလဲလို့မေးလိုက်တယ်။
ကောင်တာက အမျိုးသမီးနှစ်ယောက်က ဒီငကြောင်တော့ဘာလာကြောင်တာဘာလိမ့်
ဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ “များတယ်ထင်လို့လား၊ မကျေနပ်ရင် ဟိုဈေးဖြတ်တဲ့လူကို
သွားပြော”တဲ့။ မောင်ဒီးက များတယ်ထင်တာထက် ဘာလို့ငွေသွင်းရတာသိချင်တယ်။”
ဆိုတော့ တစ်ယောက်က နားမလည်ဘူးလား နိုင်ငံခြားကစာအိတ်တွေလာရင်ဒီလိုဘဲ
အခွန်ဆောင်ရတယ်တဲ့။ ပြီးတော့ သူ့ဘေးကနောက်တစ်ယောက်ဘက်ကြည့်လိုက်တယ်။
အဲသူ့ဘေးကတစ်ယောက်က “မဟုတ်ဘူး...နိုင်ငံခြားက ရီဂျစ်စတာလုပ်ထားတွေလာရင်
ဒီလိုအခွန်ဆောင်ရတယ်”တဲ့။ နောက်တစ်ယောက်ရှိသေးရင် နောက်အဖြေတစ်မျိုးထွက်
လာဦးမှာအသေအချာဘဲ။ ဘာဘဲဖြစ်ဖြစ် အောင့်သက်သက်နဲ့မောင်ဒီး ငွေသွင်းလိုက်တယ်။
ပြီးတော့ ကနဦး စာအိတ်ထုတ်ပေးတဲ့အမျိုးသမီးဆီမှာ ဖြတ်ပိုင်းပြပြီး ကိုယ့်အထုတ်ကိုယ်သွား
ထုတ်လိုက်တယ်။ နောက် တစ်ထောင်တန်နှစ်ရွက်ထုတ်လိုက်တယ်။ ပေါ်ပေါ်တင်တင်ဘဲ
စားပွဲပေါ်ကနေ အဲဒီအမျိုးသမီးကို ပေးလိုက်တယ်။ မငြင်းရှာပါဘူးကျေးဇူးတင်တဲ့
အကြည့်နဲ့ယူပြီး အံဆွဲထဲထည့်လိုက်တယ်။ မထင်မှတ်ဘဲနဲ့ရလိုက်တော့ သူမရဲ့အကြည့်က
“အစထဲက ဒီလိုပေးရင် ဒီလောက်ထိ ဟိုဟိုဒီဒီသွားစရာ ငွေသွင်းစရာ အချိန်ကြာစရာ
တွေမလိုပါဘူး” ဆိုတဲ့အဓိပ္ပါယ်တွေဆောင်နေသလိုပါဘဲ။
ဘာဘဲဖြစ်ဖြစ် မောင်ဒီကတော့ ငါ့ကိုစိတ်မချမ်းမြေ့အောင်လုပ်လဲ
ငါကမင်းတို့ကို စေတနာနဲ့ပေးနိုင်ပါတယ်ဆိုတဲ့ သဘောနဲ့ပါ။ သူမစိတ်ထဲမှာ ငါရစ်လိုက်တဲ့
သူက တောင်ငါ့ကို စေတနာထားနိုင်ရင် နောက်ပစ္စည်းလာထုတ်သူတွေကို စေတနာနဲ့
ဆောင်ရွက်ပေးရင် အကျိုးကျေးဇူးခံစားရနိုင်တယ်လို့ ခံစားမှုကလေး၊အသိလေးတစ်ချက်များ
ရသွားလေမလားရယ်ပေါ့။ ဒါမှမဟုတ်လဲ အူကြောင်ကြောင်ငနဲဆီက ဘာမဟုတ်တဲ့
စာအိတ်တစ်ခု အတွက် ငွေနှစ်ထောင် ရလိုက်တယ်ဆိုပြီး နောက်ပိုင်းဒီလိုဘဲ
ဆက်သွားနေမလား။
အင်း...မောင်ဒီးကတော့အူကြောင်ကြောင်နဲ့ဘဲ အဲဒီရုံးက ပြန်ထွက်လာခဲ့တယ်။
သေချာတာကတော့ နောက်ဆို ပို့သူဘယ်သူ ဘာတွေပို့လိုက်တယ် ကြိုတင်မသိရဘဲနဲ့တော့
ဘာတွေရောက်နေနေသွားမထုတ်တော့ပါလို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်ခင်ဗျား။

'DD'
စာကြွင်း။ ။ မောင်ဒီးသူငယ်ချင်း အဲဒီဝန်ကြီးဌာနက အရာရှိကို ကြုံလို့ပြောပြလိုက်တော့
ဟာသတစ်ခုလိုဘဲ သဘောကျရယ်မောပါတယ်။ နောင်ဒီလိုပစ္စည်းထုတ်ချင်ရင် သူတို့
ကို အကူအညီတောင်းရင် အခက်အခဲမရှိနိုင်ကြောင်း။ ဒါမှမဟုတ်လဲ ဆိုင်ရာဝန်ထမ်းကို
ငွေပေးလိုက်ရင် (သူတို့အခေါ် ရေလောင်းလိုက်ရင်) ခုလိုခက်ခဲမှာမဟုတ်တဲ့အကြောင်း
ပြောပါတယ်။ မောင်ဒီကတော့ အသေးအမွှားကိစ္စဖြစ်လို့ အကူအညီမလိုချင်ကြောင်း၊
ရေလောင်းဘို့ကတော့ ...နောင်လဲဒီလိုပစ္စည်းတွေကိုသွားမထုတ်တော့ကြောင်း၊
ပို့ပေးတဲ့သူတွေကိုလည်းနောင်မပို့နဲ့တော့လို့ပြောလိုက်ပြီလို့ ပြန်ပြောလိုက်ပါတယ်။
ပို့စ်ခေါင်းစဉ်ကတော့ ရဘူးတဲ့သင်ခန်းစာအရည်အတွက်က အတော်များလို့ ခပ်တည်တည်
နံပါတ်တပ်လိုက်တာ။

ကြော်ငြာကပေးတဲ့အသိ

Tuesday, December 12, 2006


မကြာသေးခင်ကတီဗွီမှာကြော်ငြာတစ်ခုကြည့်လိုက်ရတယ်။ အထပ်များစွာရှိတဲ့
ရုံးအဆောက်အဦးရဲ့အောက်ဆုံးထပ်ကဓါတ်လှေခါးမှာအမျိုးသမီးငယ်နှစ်ဦးရှိနေတယ်။
တစ်ဦးကဝတ်ကောင်းစားလှတွေနဲ့သန့်ရှင်းသပ်ရပ်ချောမောတယ်။ နောက်တစ်ဦးက
ခပ်လတ်လတ် အဝတ်အစားနဲ့သာမန်ရုပ်ရည်ကလေးပါဘဲ။ သူတို့နှစ်ယောက်ဓါတ်လှေခါး
အတွင်းကိုပြိုင်တူဆိုသလိုရောက်လာကြတယ်။ နှစ်ဦးစလုံးရုံးချိန်မှန်အောင်ရောက်ဘို့အတွက်ဆန္ဒစောနေကြပါတယ်။
ဓါတ်လှေခါးတက်ခါနီးတော့အလိုအလျောက်တံခါးစပိတ်နေချိန်မှာဘဲ ခပ်လှမ်းလှမ်းကနေလူငယ်တစ်ဦးအပြေးလာနေတာကိုနှစ်ဦးစလုံးမြင်ကြရတယ်။
အဲဒီမှာတင် လှပတဲ့သူက တံခါးပိတ်တဲ့ခလုတ်ကိုအမြန်လှမ်းနှိပ်လိုက်တယ်
(ဟိုလူငယ်အတွက်တံခါးပြန်ဖွင့်ပေးနေရင်အချိန်ကြာနေဦးမယ်ဆိုတဲ့အထင်နဲ့ပေါ့)။
တံခါးလုံးဝစေ့သွားပြီးတဲ့နောက်မှာဘဲ ပြန်ပွင့်လာတာနဲ့အနားရောက်နေပြီဖြစ်တဲ့လူငယ်က
အမြန်ဝင်လိုက်တယ်။ ချက်ချင်းဘဲ ခပ်လှလှအမျိုးသမီးကိုအလွန်ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်တယ်။
အဲဒီအချိန်မှာခပ်လှလှအမျိုးသမီးမျက်နှာမထားတတ်အောင်ဖြစ်သွားတယ်။ တကယ်တော့သူမ ပိတ်လိုက်တဲ့တံခါးကို ဟိုသာမာန်ရုပ်ရည်နဲ့မိန်းမငယ်ကပြန်ဖွင့်ပေးလိုက်လို့တံခါးပြန်ပွင့်သွားတာပါ။
ဟိုလူငယ်ကတော့လတ်တလောအမြင်နဲ့ ဥပဓိခပ်သန့်သန့်မိန်းကလေးကသာသူ့ကို
တံခါးပြန်ဖွင့်ပေးလိုက်တယ်လို့ကောက်ချက်ချပြီးအတင်းကြီးကိုကျေးဇူးတင်တော့တာကလား။
သာမန်ရုပ်ရည်နဲ့မိန်းကလေးကတော့မပွင့်တပွင့်ဘဲတစ်ချက်ပြုံးလိုက်ပါတယ်။ ပြီးတော့ကြော်ငြာက သူတို့ကုမ္ပဏီရဲ့ဝန်ဆောင်မှုကရိုးသားပြီးစိတ်ချယုံကြည်ရတဲ့အကြောင်း အပေါ်ယံကာမကြည့်ဘဲ
အတွင်းကျကျလာရောက်လေ့လာပြီး ဝန်ဆောင်မှုယူဘို့အကြောင်းပြောလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့နိစ္စဓူဝတွေ့မြင်နေရတဲ့ကိစ္စတွေမှာလည်း အပေါ်ယံတွေများပါတယ်။
ဒါကြောင့်လဲ လူလိမ်ခံရသူတွေဟာ စတိုင်ကျကျနဲ့လူတွေကသာအချီကြီးလိမ်သွားကြတာများတယ်မှုတ်လား။
ဘာဘဲဖြစ်ဖြစ် ဒီကြော်ငြာကပေးတဲ့အသိဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ သတိချပ်စရာတစ်ခုဖြစ်ပါတယ်။

'DD'

သူ့သဘောထား

Friday, December 08, 2006

ကိစ္စတစ်ခု ဟိုလူမလုပ်ရင်ပျင်းတာ။
ကိုယ်မလုပ်တာက အလုပ်များလို့။
ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့
ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။
ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာ၊
လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ်
တီထွင်ကြံဆပြီးလုပ်တတ်တာ။
ဟိုလူက သူ့အယူအဆနဲ့ကို အကြောက်အကန်ပြောနေရင်
အဲဒါ တစ်စောက်ကန်း တစ်ယူသန်။
ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ...

ဆရာ ဖေမြင့် ရေးတဲ့ စာဖတ်သမား၏မှတ်စုများ (ဩဂုတ် ၂၀၀၃)
စာအုပ်နောက်ကျောဖုံးကစာသားလေးကို ကူးယူဝေငှလိုက်တယ်။
ပို့စ်ခေါင်းစဉ်ကတော့ ကိုယ့်ဘာသာကိုယ်ပေးလိုက်တာ။

'DD'

ကောင်းကင်ဘုံက“ဘဲ”

Wednesday, December 06, 2006

လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်...မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ“ဘဲ”တွေသိပ်ပေါများတယ်...ဒါပေမယ့်...“ဘဲ”တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်“ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ”
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး “ကဲ...ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့”။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။“ဘဲ”မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။ စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်...“အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်...
“ရှင့်ကိစ္စကိုတော့မသိပါဘူး...ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ”
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။

ကဲ...နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ...ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ “ဘဲ”နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။

'DD'
အလုပ်တွေများနေတယ်။ မအားတဲ့ကြားက ရသလောက်လေးရေးတင်လိုက်တယ်။