သင်ခန်းစာ ၁၂/၂၀၀၅

Thursday, December 14, 2006

စကားမစပ်ပြောရဦးမယ်။.....
မောင်ဒီးကအိမ်ကိုစာပို့ပုဂ္ဂိုလ်ရောက်လာရင် ခပ်ကြောက်ကြောက်ဘဲ။ အထူးသဖြင့်
ရီဂျစ်စတာလုပ်ပြီး ခန့်ခန့်ထည်ထည် A4ဆိုဒ်လောက်ရှိတဲ့စာအိတ်တွေရောက်လာရင်
စာပို့ငနဲက လ္ဘက်ရည်ဘိုးမရရင်မပြန်ချင်ဘူး။ အထဲမှာ ဘာပါလဲသူသိတာမဟုတ်။
အများအားဖြင့် မောင်ဒီးရတဲ့အဲဒီလိုစာအိတ်ထူထူတွေက အလကားရတဲ့ စာစောင်တို့၊
သတင်းဂျာနယ်တို့များတယ်။ အဲ...ပိုကြောက်စရာကောင်းတာက ဘာစာအိတ်မှမပါဘဲ
ဖြတ်ပိုင်းပိစိလေးနဲ့ “စာတိုက်ကြီး စင်အမှတ် ဘယ်လောက်မှာ စာရောက်နေသည်
လူကိုယ်တိုင်လာရောက်ရွေးယူပါဆိုရင် စိတ်ကိုပျက်ကရောဘဲ”။ စာပို့လည်းအဲဒါမျိုး
လာပို့ရရင်သိတ်မကြည်ဘူး သူလ္ဘက်ရည်ဘိုးတောင်းလို့မရတော့ဘူးမှုတ်လား။
(ဧည့်ခန်းမှာခေါ်ပြီး လ္ဘက်ရည်ကောင်းကောင်းဖျော်တိုက်ရင်လည်းမကြိုက်ပြန်ဘူးဗျ)
ဒီအကြောင်းပြောမိသွားရတာကလည်း ဒါနဲ့ဆက်စပ်ပြီးတစ်ခုသတိရမိသွားတာနဲ့
ပြန်ရင်ဖွင့်ချင်တာလေးရှိလို့။
တရံရောအခါက မောင်ဒီးကိုလိပ်မူပြီး ပါဆယ်တစ်ခုရောက်တဲ့အကြောင်း စာတိုက်
ကနေ ဖြတ်ပိုင်းလေးရောက်လာတယ်။ (နိုင်ခြံဂါး...အဲလေ နိုင်ငံခြားက ပါဆယ်
လာရင် ဒီလိုဘဲရကြလေ့ရှိတယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ကမ်းနားလမ်း ထောင့်က
ဆက်သွယ်ရေးစာတိုက်ဌာနမှာ သွားထုတ်ရတယ်)။ အဲဒီတော့ မောင်ဒီးက ဘယ်သူ့
ဆီကလဲ ဘာတွေပို့လိုက်တာလဲပေါ့။ နိုင်ခြံဂါး ကလာတဲ့အထုတ်ဆိုတော့ စိတ်ဝင်
တစားဖြစ်ပြီး မနက်ခပ်စောစောထဲက သွား၊ ရောက်တော့ ဟိုမေးဒီမေးနဲ့ နာရီဝက်
လောက်ကြာတော့မှ ကိုယ်စာအိတ်ထုတ်ယူရမယ့်နေရာကိုရောက်သွားတယ်။
(သေချာချင်ရင် ရုံးဝန်ထမ်းတွေမေးတာထက် ပွဲစားလိုလို အကျိုးဆောင်လိုလို
ကိုမေးလိုက်တာ အဖြေချက်ချင်းရတယ်။ ပစ္စည်းထုတ်ပေးရမလား ဘာပို့ချင်လို့လဲ
စသဖြင့်သူတို့ဈေးခေါ်တာတော့ငြင်းပေါ့ဗျာ။) မောင်ဒီးကလဲ ပွဲစားအားမပေးချင်တာထက်
ကိုယ်တိုင်သိချင် လုပ်ချင်တာကြောင့် ကိုယ့်ဘာသာရွေးမယ်ပေါ့။ကောင်တာကိုရောက်တော့
အသက် ၄၀ ဝန်းကျင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတွေ့တယ်။ သူညွှန်ပြတဲ့နေရာမှာထိုင်စောင့်
ခိုင်းတာနဲ့ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်စောင့်တယ်။ ရှေ့မှာ တစ်ယောက်က နိုင်ငံခြားက
ပို့လိုက်တဲ့ဆေးတွေနဲ့တူတယ်...အဲဒါတွေထုတ်ဘို့ဈေးညှိနေတယ်။
ပစ္စည်းထုတ်ရင် ဈေးဖြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကဘယ်လောက်ကျတယ်ဆိုတာ
ဈေးဖြတ်ပေးတယ်။ အဲ...မောင်ဒီးအလှည့်ရောက်တော့ဖောင်တွေဟိုဖြည့်ဒီဖြည့် ဖြည့်
ပြီးတော့နိုင်ငံသားစိစစ်ရေးကဒ်လဲပြရတယ်။ နောက်တော့ မိနစ်၂၀လောက်စောင့်ရ
ပြန်ရော။မောင်ဒီးစိတ်မရှည်လို့မေးကြည့်တယ်။ အစ်မရယ်...ကျွန်တော်ယူလာတဲ့ဖြတ်ပိုင်း
မှာ “စင်အမှတ် ဘယ်လောက်မှာ ရှိတယ်ဆိုတာပါတယ်...အဲဒီမှာသွားယူလိုက်ရင်ရပြီ
မဟုတ်လား ဘယ်မှာသွားရှာနေရလို့ကြာတာလဲ” လို့လျှာသွားရှည်လိုက်မိတယ်။
စင်အမှတ်ပါတာက ပါတာဘဲ ဒီလိုဘဲရှာရတာကရှာရတာဘဲတဲ့...ကောင်းရော။
ဟော..စာအိတ်ထုတ်ယူလာပါပြီ။ စာအိတ်ကဖွင့်ကြည့်ထားပြီးသား။ ဝန်ထမ်းမိန်းမက
ပြောတယ်...စီဒီတွေပါတယ်တဲ့ စိစစ်ရေးတင်ရမယ်၊ ဟိုဘက်အဆောက်အဦးက
စိစစ်ရေးဌာနမှာ အစိစစ်သွားခံရမယ်တဲ့။ မောင်ဒီးနိုင်ငံသားကဒ်ကိုယူထားလိုက်ပြီး
အထုတ်ကိုသွား စိစစ်ခံခိုင်းတယ်။ အဲဒီတော့မှ မောင်ဒီ စီဒီတွေထုတ်ကြည့်မိတယ်။
ထုံးစံအတိုင်းပေါ့ အလကားရတဲ့ newsletter/free software တွေပါတဲ့ စီဒီနှစ်ချပ်နဲ့
ဆက်စပ်သတင်းစာစောင် ၂စောင်လောက်ပါတယ်။ အစ်မရယ် ဒါတွေက အလကား
ရတဲ့ ပညာရေးနဲ့ဆိုင်တဲ့အရာတွေပါဆိုတော့ “မလိုချင်ရင် မထုတ်တော့ဘူးဆိုတဲ့
အကြောင်း လက်မှတ်ထိုးပြီး ထားခဲ့လို့ရပါတယ်တဲ့” ခပ်ညင်းညင်းလေးပြန်ပြောသဗျ။
စိတ်တစ်ချက်ခုသွားပြီးတော့ ထားခဲ့လိုက်တော့မလို့ဘဲ။ (ဟုတ်တယ်လေ အဲဒါတွေက
တခြားမှာ ရှာရင်လဲ ရပါ့။)။ ဒါပေမယ့် ပို့ပေးတဲ့သူတွေကိုအားနာတာကြောင့် ထုတ်သွား
မယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ စိစစ်ရေးဆိုတဲ့နေရာရောက်သွားတယ်။ ပထမ
စားပွဲတစ်ခုမှာ စာရင်းသွင်းပြီး လက်မှတ်ထိုးရတယ်။ နောက်အတွင်းဘက်ခပ်ကျကျ
စားပွဲမှာ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တစ်ယောက်ထံသွားရတယ်။ ပုံပန်းကတော့ နေ့စဉ်အတော်
အသောက်ကျူးထားလို့ မျက်နှာခပ်နီအစ်အစ်ဘဲ။ ပစ္စည်းတွေကို တစ်ချက်ထုတ်ကြည့်
ပြီး ရှောရှောရှူရှူ လက်မှတ်ထိုးပေးတယ်။ စိတ်ထဲမှာတော့ ဒီဌာနဘယ်ဆိုးလို့လဲပေါ့လေ။
ဒါနဲ့ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်မယ်လုပ်တော့ အဲဒီပုဂ္ဂိုလ်က “နှစ်ရာကျတယ်”တဲ့။
(အဲဒီတုံးက လ္ဘက်ရည်တစ်ခွက် တစ်ရာလောက်ရှိမယ်ထင်တယ်)။ ကောင်းရောကွာ။
အဲဒါနဲ့ ခပ်မြန်မြန်နဲ့ထုတ်ပေးပြီး မူလဌာနဘက်ပြန်လာခဲ့တယ်။ စောစောကဝန်ထမ်း
အမျိုးသမီးကိုပြန်ပြ ပြီးနိုင်ငံသားကဒ်ပြန်ယူ။ ပြီးတော့ ဈေးနှုန်း(သူတို့အပြောအရတော့
custom duty အခွန်တဲ့) ဖြတ်ပေးတဲ့လူကိုတစ်ခါစောင့်ရပြန်တယ်။ ပြီးတော့ မလှမ်းမကမ်း
ကကောင်တာမှာ ငွေသွားသွင်းရတယ်။ ၇၀၀-၈၀၀ လောက်ကျတယ်ထင်တယ်။
အဲဒါနဲ့ မောင်ဒီးလျှာထပ်ရှည်ပြန်ရော။ အလကားရတဲ့ပစ္စည်းဘဲ ပညာရေးနဲ့သက်ဆိုင်တယ်
ပြီးတော့ စိစစ်ရေးကလည်း ကင်းလွတ်ပေးပြီးပြီ ဘာလို့ငွေသွင်းရတာလဲလို့မေးလိုက်တယ်။
ကောင်တာက အမျိုးသမီးနှစ်ယောက်က ဒီငကြောင်တော့ဘာလာကြောင်တာဘာလိမ့်
ဆိုတဲ့အကြည့်နဲ့ကြည့်တယ်။ “များတယ်ထင်လို့လား၊ မကျေနပ်ရင် ဟိုဈေးဖြတ်တဲ့လူကို
သွားပြော”တဲ့။ မောင်ဒီးက များတယ်ထင်တာထက် ဘာလို့ငွေသွင်းရတာသိချင်တယ်။”
ဆိုတော့ တစ်ယောက်က နားမလည်ဘူးလား နိုင်ငံခြားကစာအိတ်တွေလာရင်ဒီလိုဘဲ
အခွန်ဆောင်ရတယ်တဲ့။ ပြီးတော့ သူ့ဘေးကနောက်တစ်ယောက်ဘက်ကြည့်လိုက်တယ်။
အဲသူ့ဘေးကတစ်ယောက်က “မဟုတ်ဘူး...နိုင်ငံခြားက ရီဂျစ်စတာလုပ်ထားတွေလာရင်
ဒီလိုအခွန်ဆောင်ရတယ်”တဲ့။ နောက်တစ်ယောက်ရှိသေးရင် နောက်အဖြေတစ်မျိုးထွက်
လာဦးမှာအသေအချာဘဲ။ ဘာဘဲဖြစ်ဖြစ် အောင့်သက်သက်နဲ့မောင်ဒီး ငွေသွင်းလိုက်တယ်။
ပြီးတော့ ကနဦး စာအိတ်ထုတ်ပေးတဲ့အမျိုးသမီးဆီမှာ ဖြတ်ပိုင်းပြပြီး ကိုယ့်အထုတ်ကိုယ်သွား
ထုတ်လိုက်တယ်။ နောက် တစ်ထောင်တန်နှစ်ရွက်ထုတ်လိုက်တယ်။ ပေါ်ပေါ်တင်တင်ဘဲ
စားပွဲပေါ်ကနေ အဲဒီအမျိုးသမီးကို ပေးလိုက်တယ်။ မငြင်းရှာပါဘူးကျေးဇူးတင်တဲ့
အကြည့်နဲ့ယူပြီး အံဆွဲထဲထည့်လိုက်တယ်။ မထင်မှတ်ဘဲနဲ့ရလိုက်တော့ သူမရဲ့အကြည့်က
“အစထဲက ဒီလိုပေးရင် ဒီလောက်ထိ ဟိုဟိုဒီဒီသွားစရာ ငွေသွင်းစရာ အချိန်ကြာစရာ
တွေမလိုပါဘူး” ဆိုတဲ့အဓိပ္ပါယ်တွေဆောင်နေသလိုပါဘဲ။
ဘာဘဲဖြစ်ဖြစ် မောင်ဒီကတော့ ငါ့ကိုစိတ်မချမ်းမြေ့အောင်လုပ်လဲ
ငါကမင်းတို့ကို စေတနာနဲ့ပေးနိုင်ပါတယ်ဆိုတဲ့ သဘောနဲ့ပါ။ သူမစိတ်ထဲမှာ ငါရစ်လိုက်တဲ့
သူက တောင်ငါ့ကို စေတနာထားနိုင်ရင် နောက်ပစ္စည်းလာထုတ်သူတွေကို စေတနာနဲ့
ဆောင်ရွက်ပေးရင် အကျိုးကျေးဇူးခံစားရနိုင်တယ်လို့ ခံစားမှုကလေး၊အသိလေးတစ်ချက်များ
ရသွားလေမလားရယ်ပေါ့။ ဒါမှမဟုတ်လဲ အူကြောင်ကြောင်ငနဲဆီက ဘာမဟုတ်တဲ့
စာအိတ်တစ်ခု အတွက် ငွေနှစ်ထောင် ရလိုက်တယ်ဆိုပြီး နောက်ပိုင်းဒီလိုဘဲ
ဆက်သွားနေမလား။
အင်း...မောင်ဒီးကတော့အူကြောင်ကြောင်နဲ့ဘဲ အဲဒီရုံးက ပြန်ထွက်လာခဲ့တယ်။
သေချာတာကတော့ နောက်ဆို ပို့သူဘယ်သူ ဘာတွေပို့လိုက်တယ် ကြိုတင်မသိရဘဲနဲ့တော့
ဘာတွေရောက်နေနေသွားမထုတ်တော့ပါလို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်ခင်ဗျား။

'DD'
စာကြွင်း။ ။ မောင်ဒီးသူငယ်ချင်း အဲဒီဝန်ကြီးဌာနက အရာရှိကို ကြုံလို့ပြောပြလိုက်တော့
ဟာသတစ်ခုလိုဘဲ သဘောကျရယ်မောပါတယ်။ နောင်ဒီလိုပစ္စည်းထုတ်ချင်ရင် သူတို့
ကို အကူအညီတောင်းရင် အခက်အခဲမရှိနိုင်ကြောင်း။ ဒါမှမဟုတ်လဲ ဆိုင်ရာဝန်ထမ်းကို
ငွေပေးလိုက်ရင် (သူတို့အခေါ် ရေလောင်းလိုက်ရင်) ခုလိုခက်ခဲမှာမဟုတ်တဲ့အကြောင်း
ပြောပါတယ်။ မောင်ဒီကတော့ အသေးအမွှားကိစ္စဖြစ်လို့ အကူအညီမလိုချင်ကြောင်း၊
ရေလောင်းဘို့ကတော့ ...နောင်လဲဒီလိုပစ္စည်းတွေကိုသွားမထုတ်တော့ကြောင်း၊
ပို့ပေးတဲ့သူတွေကိုလည်းနောင်မပို့နဲ့တော့လို့ပြောလိုက်ပြီလို့ ပြန်ပြောလိုက်ပါတယ်။
ပို့စ်ခေါင်းစဉ်ကတော့ ရဘူးတဲ့သင်ခန်းစာအရည်အတွက်က အတော်များလို့ ခပ်တည်တည်
နံပါတ်တပ်လိုက်တာ။

4 comments:

Anonymous said...

ma lwe par lar naw..

မေဓာဝီ said...

ကျမကြုံဖူးတာကတော့ဒီလိုပါ။
ကိုရီးယားက သူငယ်ချင်းတယောက်က ကျမဆီကိုချောကလက်ပို့လိုက်တယ်။ မေဓာဝီ ဆိုတဲ့နာမည်နဲ့ပါ။
ကျမကိုယ်တိုင် သွားထုတ်တာတောင် မှတ်ပုံတင်က နာမည်က မေဓာဝီမဟုတ်လို့ ရစ်တော်မူပါတယ်။ ကျမက ကလောင်နာမည် မေဓာဝီ ပါလို့ ဆိုတော့ မေဓာဝီဖြစ်ကြောင်း သက်သေပြရမယ်တဲ့။ ပြီးတော့ အဲဒီသူငယ်ချင်းနဲ့ ဘယ်တုန်းကခင်တာလဲ စာအပေးအယူရှိရင် အဲဒီစာတွေပါ ယူလာပြဆိုပြီး ပြောပြန်တယ်။ ဒေါသထွက်သွားပေမဲ့ ကိုယ့်ဦးလေးအရွယ်လောက်လူကြီးမို့ ကျမအတတ်နိုင်ဆုံး စိတ်လျှော့ပြီး ပို့တဲ့သူက အွန်လိုင်း သူငယ်ချင်းဖြစ်ကြောင်း။ အီးမေးလ်နဲ့သာ အဆက်အသွယ်ရှိကြောင်း ပြောပြီး အဲဒီမေးလ်တွေဖတ်ချင်တာလား ဆိုတော့မှ လျှောချသွားပါတယ်။
ကျမလဲ စိတ်ပေါက်ပေါက်နဲ့ အဲဒီပစ္စည်းတွေ မထုတ်တော့ဘဲ နေမလို့ဘဲ … ပို့တဲ့ သူငယ်ချင်းကို အားနာတာနဲ့ အိမ်ကိုလာတဲ့ စာပို့သမားကိုပဲ ပိုက်ဆံပေးပြီး ရအောင် ထုတ်ခိုင်းလိုက်ရတယ်။
နောက်ပိုင်းတော့ ကျမလဲ သူငယ်ချင်းတွေ ပစ္စည်း ပို့ချင်ရင်တောင် မပို့ပါနဲ့လို့ တောင်းတောင်းပန်ပန် တားနေရပါတော့တယ်။

Anonymous said...

ဟုတ်သဗျ...ကျွန်တော့်တုံးက မိသားစုသန်းခေါင်စာရင်း (ပုံစံ ၁၀) ပါယူသွားပြရတယ်ထင်ရဲ့။

Anonymous said...

ဖတ်မရပါ မမရေ

အ ဆင် မြင့် ဖေါင့် ကို အ သုံးပြုပါ

http://mylanguage.gov.au/my/141