မာယာများတဲ့သစ်ပင်

Wednesday, October 11, 2006




သစ်ပင်တစ်ပင်ရှိခဲ့တယ်။
ဟိုးက တောင်ကုန်းမို့မို့လေးနံဘေးမှာပေါ့။
ပြီးတော့ နီညိုရောင်ပင်စည်ချောမွတ်မွတ်လေးနဲ့။
ဒါပေမယ့် တိုင်တစ်တိုင်လိုဘဲ...
လိပ်ပြာက တဝင့်ကြည့်တယ်...
မခိုးမခန့် ခပ်ဟစ်ဟစ်ရယ်လို့
အဝေးက စမ်းချောင်းကလေးဆီထွက်သွားတယ်။
အဲဒီမှာက ကျောက်စရစ်ခဲဖြူဖြူလေးတွေရှိတယ်ဆိုဘဲ...

လူနှစ်ယောက်ရှေ့နောက်ဆင့်ရောက်ခဲ့တယ်
သစ်ပင်နားရောက်တော့ သကောင့်သားများလှဲကျ
စက်တော်ခေါ်ကြပါကောလား။
အားအင်တွေချည့်နဲ့နေကြလွန်းလို့
လျှာတရွတ်တိုက်တောင်ကျနေသေးတယ်။
သစ်ပင်ကတော့ နာမည်တွေတောင်ပေးလိုက်သေးတယ်။
“ဝဲ” နဲ့ “ယျာ” တဲ့
အတော်စိတ်ကူးကောင်းတဲ့သစ်ပင်ဘဲနော်။
ဂရုဏာသက်မိလွန်းလို့ စုတ်တသပ်သပ်နဲ့..

ဘယ်နေနိုင်တော့မှာလဲ...ဘုရားသခင်က
သစ်ပင်ကို အကိုင်းအခက်တွေ
အသီးအပွင့်တွေသီးပွင့်ခွင့်ပေးလိုက်တယ်။
ပီတိတွေတလှိုင်ကြီးနဲ့ သစ်ပင်ဟာ
တစ်ခါတည်း သီးပွင့်ဆန့်ထုတ်ပြစ်လိုက်တာ
ဘာပြောကောင်းမလဲ ထောင်းလမောင်းကိုထနေတာဘဲတဲ့။
........
.......
နှစ်ယောက်သားနိုးထလာခဲ့ကြတာ ပါးစပ်အဟောင်းသားနဲ့ပေါ့။
သစ်ပင်ကတော့ ခပ်ညင်းညင်းရယ်နေတယ်
သူ့ရဲ့အကိုင်းအရွက်တွေတောင် ဝေ့နေအောင်လှုပ်ပြလိုက်သေးတယ်။
အဲဒီမှာတင် “ဝဲ” နဲ့ “ယျာ” ဟာဇာတ်လမ်းစတော့တာကလား..
အသီးတွေအကုန်ခူးစားပြစ်လိုက်တယ်။
အရွက်တွေခူးပြီးသူတို့ရဲ့ကိုယ်မှာကာကွယ်ဝတ်ဆင်ပြန်တယ်။
အခေါက်ပါးပါးလေးတွေကို တစ်လွှာချင်းခွာပြီး ကြိုးတွေလုပ်ကြတယ်။
သစ်ပင်ကိုချည်နှောင်ကြပါကောလား။ ပြီးတော့ ဆွဲပြီးလှဲချကြတယ်။
စုတ်တသပ်သပ်နဲ့သစ်ပင်ဟာ ဒီတစ်ခါတော့နာကျင်လွန်းလို့ပါ။
.....
........
ဘုရားသခင်ကသက်ပြင်းလေးတွဲ့တွဲ့ချပြီး
သစ်ပင်ကိုကြည့်နေရတာပါဘဲ။
တဖျစ်ဖျစ်နဲ့ပြိုလဲကျနေတဲ့သစ်ပင်ဟာ
ခပ်စွေစွေလေးဘဲ “ဝဲ” နဲ့ “ယျာ” ကိုကြည့်နေနိုင်ရှာတယ်။
လုပ်ရက်ပါပေတယ်မောင်ရင်တို့ရယ်ပေါ့။
နောက်တော့ အမြစ်ခြေရင်းမရောက်တရောက်လောက်ကဘဲ
ကျိုးကျသွားခဲ့ရတယ်။
........
.....
ဒီလိုနဲ့ဘဲ ကာလတော်ကြာတော့
ကိုယ်ထူကိုယ်ထနဲ့ဘဲ သစ်ပင်ဟာ ပြန်လည်ရှင်သန်လာခဲ့တယ်။
သူဟာယခင်ကလိုဘဲ
နီညိုရောင်ပင်စည်ချောမွတ်မွတ်လေးဖြစ်ချင်နေခဲ့တယ်။
သူ့ဆန္ဒမပြည့်ရှာပါဘူး...
မကြာခင်မှာ အကိုင်းအရွက်တွေ
နောက် အသီးအပွင့်တွေ ဝေဆာလာပြန်တယ်။
ဒါပေမယ့် သူတတ်နိုင်တာတွေရှိနေတယ်ဆိုတာ
သစ်ပင်သိလာခဲ့တယ်။
......
..............
ပင်စည်ကို အတတ်နိုင်ဆုံးတွန့်ခေါက်ပြီး...
သစ်ခေါက်တွေထူထည်းမာကျောပြစ်လိုက်တယ်။
ဆူးမာမာချွန်ချွန်တွေတောင်ညှစ်ထုတ်လိုက်သေး။
အရွက်တွေကြွတ်ဆတ်...အသီးတွေအစွမ်ကုန်ခါးသက်ပြစ်လိုက်တယ်။
အကိုင်းတွေကို မီးကုန်ယမ်းကုန် ရှုတ်ထွေးစေပြန်သေးတယ်။
ဘုရားသခင်ကသက်ပြင်းလေးတွဲ့တွဲ့ချပြီး
သစ်ပင်ကိုကြည့်နေရတာပါဘဲ။..

********************************************************
အထူးသဖြင့် သယံဇာတဆာလောင်နေတဲ့ နိုင်ငံတွေဝိုင်းဝန်းနေတဲ့
ဖွံ့ဖြိုးမှုအလွန်နည်းပါးသေးသော်လည်း
သယံဇာတ အနည်းအကျင်း ကျန်ရှိနေသေးတဲ့ နိုင်ငံတွေက
သစ်လုပ်ငန်းတွေအကြောင်း
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတွေ
ခံစားမိလို့ ရေးမိတာပါ...
********************************************************

'DD'

0 comments: